သာပေါင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ဆင်နင်းခံရပြီး ေ-သဆုံး

Author မွန်လေး
Categories
Published on Nov 24, 2022

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အနောက်ပိုင်း၊ ပျဉ်းမထုံကျေးရွာအုပ်စု၊ အနောက်ရိုးမတော (ဒေသအခေါ် နတ်ကတော်) ဒေသ၌ နို၀င်ဘာ ၂၂ ရက် နံနက်အစောပိုင်းတွင် အမျိုးသားတစ်ဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။

“ ဆင်ရိုင်း အနင်းခံရလို့ သေသွားတဲ့ အမျိုးက အသက် ၄၅ နှစ်အရွယ်လောက်ရှိပြီ၊ ဆင်နင်းခံရလို့ သေနေတဲ့ ဒဏ်ရာအများအပြားနဲ့ အလောင်းကိုတွေ့ရတာ” ဟု သာပေါင်းမြို့နယ် ဒေသခံ တစ်ဦးက CJ Platform သို့ပြောသည်။

သာပေါင်းမြို့နယ် အနောက်ပိုင်းဒေသသည် ရိုးမတောင်တန်းနှင့် ဆက်စပ်နေပြီး တောဆင်ရိုင်းများကြောင့် လူသေဆုံးမှုများအပြင် လယ်၊ ယာ၊ ဥယျာဉ်စိုက်ပျိုးခင်းများ မကြာခဏ ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိသည်။

ယခုနှစ်အတွင်း သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်းကြောင့် ဧပြီလ တွင် တစ်ဦး၊ စက်တင်ဘာလတွင် တစ်ဦး၊ အောက်တိုဘာလတွင် တစ်ဦးနှင့် နို၀င်ဘာလတွင် တစ်ဦး ဆင်နင်းခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးပြီး၊ သဘာဝတောရိုင်းဆင်များအတွက် အစာရှားပါးလာသည့်အတွက် တောဆင်ရိုင်းများသည် လူများအနီးသို့ ရွေ့ပြောင်းလာကာ ယင်းတို့အစာ အတွက် လယ်ယာမြေများသို့ ရောက်ရှိလာမှုကြောင့် ဆင်နင်းခံရမှုကြောင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

မြန်မာ့သစ်လုပ်ငန်း၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၁၉၄၁ ခုနှစ်တွင် တောဆင်ရိုင်းကောင်ရေ သောင်းချီအထိရှိခဲ့သော်လည်း ဆင်မုဆိုးများကြောင့် တဖြည်းဖြည်း အကောင်အရေလျော့ကျလာကာ၊ ၂၀၆ ခုနှစ်တွင် လေးထောင်ကျော်၊ ၂၀၁၁ ခုနှစ်တွင် အကောင်ရေ ၂၅၀၀ ခန့်ရှိခဲ့ကာ၊ လက်ရှိတွင် အကောင်ရေ ၁၅၀၀မှ ၂၀၀၀ ကြားတွင်သာရှိတော့ကြောင်းသိရသည်။

ပုံစာညွှန်း- ဧရာဝတီတိုင်းအတွင်း တောဆင်ရိုင်းအုပ်တစ်ခုအား မြင်ရပုံ ပုံဟောင်း

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဧရာဝတီတိုင်း #သာပေါင်းမြို့ #တောဆင်ရိုင်း