ရိုဟင်ဂျာများကို ကန်ဒေါ်လာ လေးသန်းနီးပါး အကူညီပေးရန် ဂျပန်နှင့် ကုလတို့ လက်မှတ်ရေးထိုး

Author ဇိမ်း
Categories
Published on Nov 23, 2022

ဂျပန်နှင့် ကုလသမဂ္ဂကတို့က ရိုဟင်ဂျာများကို အမေရိကန် ဒေါ်လာ ၃.၇ သန်း အကူအညီပေးရန် သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်သည်။ Anadolu Agency သတင်းဌာန၏ ဖော်ပြချက်အရ ယင်းရန်ပုံငွေများကို ဝေးလံခေါင်သီသော Bhasan Char ကျွန်းရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အသုံးပြုမည် ဖြစ်သည်ဟု သိရှိရသည်။

အမေရိကန် ဒေါ်လာ ၃.၇ သန်း အကူအညီပေးရေးအတွက် ဂျပန်နှင့် ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) တို့က ပြီးခဲ့သည့် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းငွေများကို လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများ ရရှိရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဂုဏ်သိက္ခာနှင့် လုံခြုံမှု၊ ကျား-မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်ရန်နှင့် ဆယ်ကျော်သက်များနှင့် လူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အသုံးပြုသွားမည် ဖြစ်သည်ဟု ဒါကာရှိ ဂျပန်သံရုံးက အသိပေးထားသည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်လှသည့် ဖြိုခွင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ရိုဟင်ဂျာ ၁.၂ သန်းကျော်ထဲက နှစ်သောင်းနီးပါးကို ဘင်္ဂလားဒေ့ရှ်ရှိ Bhasan Char ကျွန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ရွှေ့ပြောင်းထားသည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ၂၀၁၇ ခုနှစ် ဩဂုတ်လ၊ အရေးပေါ်အခြေအနေ စတင်ချိန်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ တုံ့ပြန်ရေးအပေါ် အခိုင်အမာ ထောက်ခံသူဖြစ်ပြီး UNFPA၊ ဘင်္ဂလားဒေ့ရှ်ရှိ အခြားသော UN အေဂျင်စီများနှင့် NGO အဖွဲ့အစည်းများသို့ ကန်ဒေါ်လာ ၁၇၅ သန်းကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ – Anadolu Agency
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရိုဟင်ဂျာ #ကုလ #ဂျပန်