မျက်ရည်ကိုသုတ် ဓားကိုဆုပ်ကိုင်ကာ ရှေ့တစ်လှမ်းတိုး၍ PDF များကို တိုက်ခိုက်သွားမည်ဟု ဦးခင်ရီ ကြိမ်းဝါး

Author ကိုပေါက်
Categories
Published on Nov 22, 2022

အခြေအနေပေးလာပါက ဓါးကိုဆုပ်ကိုင်၍ ရှေ့တစ်လှမ်းတိုးကာ PDF များကို တိုက်ခိုက်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီ၏ မိန့်ခွန်းကြောင့် စစ်ကိုင်းတိုင်းရှိ ပါတီဝင်များ ကြောက်လန့်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ခရီးစဉ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ကြိမ်းဝါးပြောဆိုခဲ့တာဖြစ်သည်ဟု ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“သူကပြောပြီးပြန်မှာ ဒီမှာက PDF တွေ လာသတ်ရင်တောင် ဘယ်အဖွဲ့အစည်းမှ အလောင်း သွားမကောက်ရဲဘူး”ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီ မုံရွာသို့ရောက်ရှိစဥ် ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး USDP ပါတီဝင်များ အသက်သေဆုံးမှုများရှိနေသဖြင့် လုံခြုံရေးအစီအမံများ လုပ်ဆောင်ထားသည်ဟု ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်သည်ဟု ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“ဒီလိုသတ်ဖြတ်မှု့တွေကို ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်ကိုင်ကာ ပါတီဝင်တွေရှေ့က ကျနော်တိုက်ခိုက်သွားမယ်”ဟု ပြောဆိုခဲ့တာ ဖြစ်သည်ဟု ရှင်းပြသည်။

ပြည်ခိုင်ဖြိုးဥက္ကဌ ပြောဆိုပြီးနောက် စစ်ကိုင်းတိုင်းရှိပါတီဝင်အချို့မှာ မိမိတို့၏ နေအိမ်များတွင် မနေရဲတော့ဘဲ အခြားအရပ်ဒေသသို့ ရွှေ့ပြောင်းနေထိုင်နေကြသည်ဟု ပါတီဝင်အချို့ဆီက သိရသည်။

စစ်တပ် အာဏာသိမ်းနိုင်အောင် ကူညီပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် အာဏာသိမ်းပြီးနောက် ပါတီဝင် ၂၆၀၀ နီးပါး ရှင်းလင်းခံထားရသည်ဟု ပါတီမှတ်တမ်းများအရ သိရသည်။