ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အိပ်မက် လက်တစ်ကမ်းအကွာ ရောက်ရှိနေပြီဟု CRPH ထုတ်ပြန်
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အိပ်မက် လက်တစ်ကမ်းအကွာ ရောက်ရှိနေပြီဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။
သ၀ဏ်လွှာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်တပ်က လက်နက်အားကိုးဖြင့် ဥပဒေမဲ့အာဏာသိမ်းယူခဲ့ခြင်းကြောင့် ရှင်သန်ထွန်းသစ်စ ဒီမိုကရေစီအသီးအပွင်များ ဖျက်ဆီးခံခဲ့ရကြောင်း၊ ခေတ်အဆက်ဆက်မှ စပြီး ယခု နွေဦးတော်လှန်ရေးခရီးတိုင် အာဏာရှင်များကို ရဲရဲဝံ၀ံဆန့်ကျင်တော်လှန်ရင်း တိုင်းပြည်၏ပြုပြင်ပြောင်းလဲမှုများကို ပါ၀င်လျက်ရှိသည့် လူငယ်များနှင့် အသက်ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို နေ့ထူးနေ့မြတ်တွင် ဂုဏ်ယူလေးစွာ ဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။
ထို့ပြင် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင်ကွယ်ပျောက်ပြီး၊ တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သော်လည်း မပြည်ဝသေးသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အိပ်မက်ကို လက်တွေ့ကျကျ ဖန်တီးပုံဖော်တည်ဆောက်နိုင်မည့် အခွင့်အလမ်းသည် ယနေ့အချိန်အခါ၌ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဟု သ၀ဏ်လွှာတွင် ဆိုထားသည်။
ယင်းအပြင် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးကို ထာ၀ရသယ်ပိုးလိုသည့် အမျိုးသားရေးစိတ်ဓာတ်များ အစဉ်ကိန်းအောင်နေမည်ဆိုပါက မဝေးလှသော အနာဂတ်တွင် ပြည်သူလူထုအားလုံး ရည်ရွယ်ကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာမည်ဟု သ၀ဏ်လွှာတွင် ရေးသားထားသည်။
အကြမ်းဖက်မှုနှင့် ရာဇ၀တ်မှုများ ကျူးလွန်ထားသည့် အာဏာသိမ်းစစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲဖြင့် ထွက်ပေါက်နည်းလမ်းဖြင့် တရားမ၀င်မှုကို တရား၀င်မှုရှိသည့် အစိုးရအသွင်သဏ္ဍန် လှည့်ပြောင်းရန် စီစဉ်နေခြင်းကြောင့် စစ်အာဏာရှင်၏ သွေးခွဲမှု၊ လှည့်စားမှုကို ရင်ဆိုင်ကျော်လွှားကာ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်လက်တွဲသွားရန် သ၀ဏ်လွှာတွင် တောင်းဆိုထားသည်။
CRPH အနေဖြင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ဖန်တီးပုံဖော်ရေး ဦးဆောင် ဆောင်ရွက်သွားရန် ကဏ္ဍအသီးသီး၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး တော်လှန်ရေးအင်အားစုအားလုံး၏ စုပေါင်းအားဖြင့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အမြစ်ပြတ်တိုက်ထုတ်သွားမည်ဟု သ၀ဏ်လွှာတွင် ကတိသစ္စာပြုထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CRPH #အမျိုးသားနေ့