အမုန်းတရားကြီးထွားအောင်ပြုလုပ်နေသည့် စစ်ကျွန်ပညာရေးကို တော်လှန်ပယ်ဖျက်ရမည်ဟု ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Nov 17, 2022

အမုန်းတရား ကြီးထွားအောင် ပြုလုပ်နေသည့် စစ်ကျွန်ပညာရေးကို တော်လှန်ပယ်ဖျက်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့(နို၀င်ဘာ ၁၇ရက်) တွင် ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ သမိုင်းစဉ် တလျှောက်လုံးကြည်ပါက အမျိုးအလိုက်၊ အုပ်စုဓလေ့ အပြိုင်ထွန်းကားခဲ့ကြောင်း၊ ထို့ကြောင့် အမျိုးသားစည်းလုံးညီညွတ်မှု အားနည်းခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ပြင် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံတွင် ယုံကြည်မှုအလိုက်၊ ဝါဒအလိုက် အုပ်စုဓလေ့နှင့် ဂိုဏ်းဂဏအစွဲ အပြိုင်ထွန်ကားခဲ့သည့်အတွက် ညီညွတ်မှု ပျက်ပြားခဲ့ခြင်းများရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ကျွန်တော်တို့ဟာ အားလုံးထပ်တူကျ တူညီနေဖို့မလိုပါဘူး။ မတူညီလို့ရတယ်။ ကွဲပြားလို့ရတယ်။ သိုသော်လည်း မူမတူပေမယ့် ကျွန်တော်တို့ ပူးပေါင်းလို့ရတယ်။ ကွဲပြားပေမယ့် အတူနေထိုင်လို့ရပါတယ်၊ ကိုယ်နဲ့မတူကွဲပြားတဲ့ လူတစ်ယောက်ချင်းစီ၊ လူတစ်မျိုးချင်းစီရဲ့ စွမ်းရည်တွေကို မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ပြင် ကျွန်ပညာရေးသည် အကြောက်တရားကို သွတ်သွင်းဖို့သင်ကြားကြောင်း၊ ကျွန်ပညာရေးသည် ငါနှင့်မတူ ငါ့ရန်သူဆိုသည့် သဘောထားကို ရိုက်သွင်းကြောင်း၊ မတူကွဲပြားမှုတွင် တူညီသော စွမ်းရည်နှင့် ခွန်အားရှိသည်ကို မသင်ကြားကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“လက်ရှိ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြားရှိနေပါသေးတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အချင်းချင်းမညီမညွတ်ဖြစ်အောင် အမုန်းတရားကြီးထွားအောင်လုပ်နေတဲ့ အတွေးအခေါ်ရိုက်သွင်းမှုတွေကို တော်လှန်ပယ်ဖျက်ကြဖို့ လိုနေပါတယ်” ဟု ယာယီသမ္မတက ဆိုသည်။

ထို့ပြင် နိုင်ငံသစ်တည်ဆောက်ရာတွင် အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်၊ စိတ်ဓာတ်ခွန်အားအသစ်များနှင့် တည်ဆောက်ရန်ကြိုးစားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း မရခဲ့ဖူးသည့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့လက်ထက်၌ ရအောင်တည်ဆောက်ချင်ကြောင်း၊ အမျိုးသားညီညွတ်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ်သင်ချေမှုန်းမှုကို အမျိုးသားတော်လှန်ရေး တစ်ရပ်အနေဖြင့် အားစိုက်လုပ်ဆောင်ကြရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ #စစ်ကျွန်ပညာရေး

Related News

Depend on news