မင်္ဂလာတောင်ညွန့်၌ အသက်ကြီး အမျိုးသားတစ်ဦး အဟာရပြတ်၍ လမ်းပေါ်၌ သေဆုံး၊ စစ်တပ်အာဏာသိမ်းပြီးနောက် အာဟာရပြတ်ဆုံးပါးသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာ

Author မေ
Categories
Published on Nov 15, 2022

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန်မြို့နယ်၌ အသက်ကြီး အမျိုးသားတစ်ဦး အာဟာရပြတ်ကာ လမ်းပေါ်၌ သေဆုံးမှုဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၄ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ရေကျာ်လမ်းပေါ်၌ အသက် ၇၀ ဝန်းကျင် အရွယ်ခန့် အသက်ကြီး အမျိုးသားတစ်ဦးမှာ အာဟာရပြတ်ကာ လမ်းပေါ်၌ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” အသက်ကတော့ ၇၀ ဝန်းကျင်လောက် ရှိမယ်။ ဒီနားတစ်ဝိုက်မှာ နေတဲ့ အဖိုးပါ။ အစာအဟာရ လုံလောက်စွာ မစားရတာနဲ့ ဒီရက်ပိုင်း ရာသီဥတုကလည်း ညပိုင်း အေးတာတွေကြောင့် လမ်းပေါ်တင် ထိုင်ရင်း ရုတ်တရတ် သေဆုံးသွားတာပါ” ဟု ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ အင်္ကျီလက်ပြတ်ဝတ်ဆင်ထားကာ ပုဆိုးအား ခန္ဓာကိုယ်ပေါ်၌ ခြုံလျက် သေဆုံးနေခြင်း ဖြစ်သည်။ ၎င်းဧ၊် အနီး၌ အသုံးအဆောင် ပစ္စည်း အနည်းငယ်လည်း တွေ့ရှိရပြီး ယင်း နေရာအနီး၌ ပျံကျနေထိုင်သူ ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၁၄ရက် မနက်ပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးအနီး ကန်ပတ်လမ်းရှိ လက်ဝှေ့ရုံ အရှေ့ဘက်၌ အမှိုက်များ ပြည့်နေသော ရေမြောင်းအတွင်း သေဆုံးနေသော အသက် ၃၀အရွယ် အမည်မသိ အမျိးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သေးသည်။

ရန်ကုန်မြို့၌ စီးပွားရေး ကျပ်တည်းလာ၍ နေထိုင်ရန် အဆင်မပြေမှုများကြောင့် လမ်းပေါ်၌ပင် ဖြစ်သလို ပျံကျနေသူ များစွာ ရှိနေကြောင်း သိရသည်။ ၎င်းတို့မှာ လမ်းပေါ်၌ပင် ဖြစ်သလိုနေ၍ ရာသီဥတု ဆိုးရွားမှု၊ အစာအဟာရ မလုံလောက်မှုတို့ကြောင့် လမ်းပေါ်၌ပင် သေဆုံးရသူများ ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်ကလည်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှတ်တိုင်၌ အိမ်ခြေမဲ့နေသူ အမျိုးသားတစ်ဦး သွေးအန်သေဆုံးမှု၊ အောက်တိုဘာ ၂၃ရက်ကလည်း ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်း အနီး၌ အိမ်ခြေမဲ့နေသူ အမျိုးသားတစ်ဦး အဟာရ ပြတ်ကာ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ- Rescue
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #အာဟာရပြတ် #သေဆုံးမှု