ရခိုင်ပြည်နယ်ရှိ ရဲများ စခန်းအပြင် ပေးမထွက်ဘဲ အမျိုးသမီးမျာကိုသာ အပြင်ထွက်ခွင့်ပေး

Author လင်းခိုင်
Categories
Published on Nov 12, 2022

ရခိုင်ပြည်နယ်ရှိ ရဲများ စခန်းအပြင် ပေးမထွက်ဘဲ အမျိုးသမီးများကိုသာ အပြင်ထွက်ခွင့်ပေးထားကြောင်း ရဲအရင်းအမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ ရခိုင်မှာ တိုက်ပွဲတွေပြန်စတော့ ရဲတွေမကြာခဏ ဖမ်းခံရတယ်။ အသတ်ခံရတယ်။ အဲ့ဒါကြောင့် ဆိုပြီးတော့ ဘယ်သူ့ကိုမှ စခန်းအပြင် ပေးမထွက်ဘူး။ ဇနီးဖြစ်သူတွေနဲ့ အခြားသူတွေကိုပဲ အပြင်ထွက်ခွင့်ပြုတယ်” ဟု အမည်မဖော်လိုသူ ရဲအရင်းအမြစ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တာ၀န်မထမ်းဆောင်လိုသဖြင့် ပြည်နယ် ပြောင်းခွင့်လျှောက်ထားသည့် ရဲများကိုလည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကိုသာ လျှောက်ထားခွင့်ပြုထားကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ပြည်နယ်ပြောင်းခွင့်တင်တော့လဲ ဘာမှ မထူးတဲ့ ရှမ်းနဲ့ ကချင်ကိုပြောင်းတဲ့လေ၊ ဘယ်အချိန်မဆို တိုက်ပွဲထဖြစ်တဲ့ နေရာကို ပြောင်းရမှာ” ဟု ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရဲနှင့် စစ်သားအချို့သည် CDM ပြုလုပ်လိုသော်လည်း စစ်ကောင်စီက မိသားစု၀င်များကို ထိန်းချုပ်ထားသည့်အတွက် CDM ပြုလုပ်ရန် ခက်ခဲနေကြောင်းလည်း သိရသည်။

စစ်အာဏာ သိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ယခုနှစ် ဇူလိုင်လမှ စတင်ကာ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်အင်အား ထိုးချဲ့လာသည့်အတွက် တိုက်ပွဲများ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ထိုးစစ်ဆင်သကဲ့သို့ AA မှလည်း စစ်စခန်းနှင့် ရဲစခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတွင် ဆက်လက် တာ၀န်ထမ်းဆောင်လိုစိတ်မရှိသည့် ရဲနှင့် မြန်မာတပ်မတော်သားများသည် မိမိတို့နှင့် အနီးဆုံးနေရာသို့ အမြန်ဆက်သွယ်နိုင်ကြောင်း AA က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရခိုင်ပြည် #ရဲတပ်ဖွဲ့ #CDM #တကျော့ပြန်တိုက်ပွဲ #AA