ရခိုင်မှာ ID အတည်ပြုပြီးသား Starlink စက်တွေပါ ရုတ်တရက် လိုင်းပြတ်

Author CJ Platform
Categories
Published on Nov 18, 2026

ရခိုင်မှာ အင်တာနက်ဆက်သွယ်ရေးအတွက် အဓိကအားထားအသုံးပြုနေရတဲ့ Starlink (စတားလင့်ခ်) ဂြိုဟ်တုအင်တာနက်စက် အများအပြားဟာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းကစပြီး ရုတ်တရက် အင်တာနက်လိုင်းဖြတ်တောက်ခံရမှုတွေ ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ဒေသခံအသုံးပြုသူတွေနဲ့ Starlink စက်ပိုင်ရှင်တွေထံက သိရပါတယ်။

 

အခုဖြစ်စဉ်မှာ အကောင့်အတည်ပြုချက် (ID Verification) မလုပ်ရသေးတဲ့ စက်တွေအပြင် ID အတည်ပြုမှု အောင်မြင်ပြီး သက်တမ်း ၁ နှစ်ကနေ ၃ နှစ်အထိ ပုံမှန်အသုံးပြုနေတဲ့ စက်တွေနဲ့ အကောင့်လွှဲပြောင်းမှု (Transfer) ပြုလုပ်ထားတဲ့ စက်တွေပါ အင်တာနက်လိုင်း ဖြတ်တောက်ခံနေရတယ်လို့ ဆိုပါတယ်။

 

အဲဒီလိုင်းဖြတ်တောက်ခံရတဲ့ စက်တွေထဲမှာ ID အတည်ပြုပြီးသား စက်အချို့ကို “Your Travel Registration is Incomplete” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိတ်ထားပြီး ID အတည်မပြုရသေးတဲ့ စက်အချို့မှာတော့ “Outside Your Account Country”၊ Transfer ပြုလုပ်ထားတဲ့ စက်တွေမှာ “Travel Restricted” ဆိုတဲ့ ခေါင်းစဉ်တွေ အသီးသီး ဖော်ပြပြီး လိုင်းဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။

 

“အခုတစ်ခေါက် စက်တွေ အပိတ်ခံရတာက အရင်လို ID မအောင်လို့ မဟုတ်တော့ဘူး။ ခေါင်းစဉ်အမျိုးမျိုးနဲ့ကို ပိတ်နေတာ။ နှစ်ချီသုံးနေတဲ့ စက်တွေလည်း အပိတ်ခံနေရတယ်။ အများစုကတော့ Starlink ရဲ့ ရက် ၃၀ မူဝါဒ (30 Days Travel Policy) ကြောင့် ဖြစ်တယ်ဆိုပြီး ပြောနေကြပါတယ်” လို့ မြောက်ဦးမြို့နယ်က Starlink စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ ID အတည်ပြုချက် မတင်ရသေးတဲ့ စက်အချို့ဟာ ID တင်လိုက်တာနဲ့ ၁၅ မိနစ်အတွင်း ပြန်လည်အသုံးပြုလို့ရနေတယ်လို့လည်း သိရပါတယ်။

 

“အသိငွေထုတ်တဲ့သူတွေမှာလည်း စက်ပိတ်ကုန်လို့ ဒုက္ခရောက်ကုန်တယ်။ အဆက်အသွယ်ပြတ်ကုန်လို့။ တစ်ရွာတည်းမှာ နှစ်လုံးပိတ်သွားတဲ့ ရွာတွေလည်းရှိတယ်။ တစ်မနက်တည်းမှာပဲ ၄ လုံး၊ ၅ လုံးလောက် အပိတ်ခံလိုက်ရတယ်” လို့ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် Starlink စက်တွေဟာ လာမယ့် နိုဝင်ဘာ ၂၁ ရက်အထိ ဆက်လက်ပိတ်သိမ်းခံရနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ရခိုင်ဒေသတွင်း ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

 

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ရခိုင်မှာ ဒေသခံပြည်သူတွေဟာ သတင်းအချက်အလက် ရရှိရေး၊ ငွေကြေးလွှဲပြောင်းရေးနဲ့ အရေးပေါ်ဆက်သွယ်ရေးကိစ္စတွေအတွက် Starlink အင်တာနက်ကိုသာ အဓိကအားထားအသုံးပြုနေရပါတယ်။ ဒါကြောင့် အခုလို စက်အများအပြား အင်တာနက်လိုင်းဖြတ်တောက်ခံရတာဟာ ဒေသခံတွေနဲ့ လုပ်ငန်းလည်ပတ်နေသူတွေအတွက် ကြီးမားတဲ့ အခက်အခဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။