ရခိုင်နဲ့ချင်းမှာ ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး
နိုဝင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ရခိုင်ပြည်က သံတွဲ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမြို့နယ်တွေနဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီခွဲခန့်မှာ သံတွဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ယခင် GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနီးပတ်ဝန်းကျင်က အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် GTI ကျောင်းဆောင်အချို့နဲ့ အနီးအနားက လူနေအိမ်အချို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲခန့်မှာလည်း ကျောက်တော်မြို့ပေါ်ရှိ ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆောင်တွေ လုံးဝပျက်စီးသွားခဲ့ပြီး ကျောင်းအနီးဝန်းကျင်က အရပ်သား ၃ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၁၆ ရက် မနက် ၁ နာရီခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ် ၅ စင်းနဲ့ Y-12 လေယာဉ် ၁ စင်းတို့ အသုံးပြုပြီး တစ်နာရီနီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၄ ရက်မှာလည်း ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးတစ်ဝိုက်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ Y-12 လေယာဉ် ၁ စင်းတို့ အသုံးပြုပြီး ည ၇ နာရီ ၅၇ မိနစ်ကနေ ၉ နာရီ ၁၅ မိနစ်အထိ တစ်နာရီကျော်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ULA/AA က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀ ဗုံးတွေ၊ ရော့ကတ်နဲ့ ဒရော့ဗုံးတွေ အပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါးကို မရပ်မနား ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အရပ်သားတွေဖြစ်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ကိုယ်ဝန် ၅ လရှိ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦးရှိပြီး လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို စစ်အုပ်စုက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၁၄ ရက်မှာလည်း အဲဒီရပ်ကွက်ကို စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ULA/AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
