သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်မယ်လို့ အာရက္ခတပ်တော် ကြေညာ
အာရက္ခဒေသအတွင်း သိမ်းပိုက်ရန် ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကို စစ်အုပ်စုထံကနေ ဆက်လက်သိမ်းပိုက်ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ စတင်ခဲ့တဲ့ အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့်နေ့မှာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲတွေနဲ့ ကျန်ရှိနေသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေသလို ကျန်ရှိနေသေးတဲ့ နယ်မြေတွေကိုလည်း အာရက္ခပြည်သူတွေလက်ထဲ မကြာခင် ပြန်လည်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၃ နှစ်တာ တိုက်ပွဲကာလအတွင်း အခက်အခဲနဲ့ ပေးဆပ်မှုမျိုးစုံကြားကနေ “ရက္ခိတလမ်းစဉ်” အထမြောက်စေဖို့ ပါဝင်ရပ်တည်ပေးခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်က အာရက္ခမိဘပြည်သူလူထုတစ်ရပ်လုံးကို ULA/AA က အထူးအလေးအနက် ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း ဆိုပါတယ်။
ဒါ့အပြင် အာရက္ခစစ်သည်တော်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိခင်တွေအားလုံးနဲ့ အာရက္ခတပ်တော်ရဲ့ ၁၇ နှစ်တာ ဖြတ်သန်းမှုသမိုင်းတစ်လျှောက် ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခစစ်သည်၊ စစ်မယ်တွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ပြည်သူ့ဝန်ထမ်းအားလုံးကိုလည်း ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ရဲ့ ရခိုင်ပြည်သိမ်းတိုက်ပွဲ ၃ နှစ်တာကာလအတွင်း ရခိုင်ပြည်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည် ပလက်ဝဒေသတို့ကို AA က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေကိုလည်း လည်ပတ်နေတယ်လို့ သိရပါတယ်။
