လွှတ်တော်မှာ အဆိုတင်သွင်းတဲ့အခါ သီချင်းစာသားတွေ မသုံးဖို့ ခင်ရီ သတိပေး
လွှတ်တော်မှာ အဆိုတင်သွင်းတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သီချင်းစာသားတွေ ထည့်သွင်းပြောဆိုတာ မလုပ်ဖို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက နိုဝင်ဘာ ၁၂ ရက်မှာ သတိပေးပြောဆိုခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၉ ရက်က ကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အဆိုတင်သွင်းရာမှာ အဆိုတော် လွှမ်းမိုးရဲ့ သီချင်းစာသားတွေကို ထည့်သွင်းပြောဆိုခဲ့ပြီးနောက် အခုလို သတိပေးခဲ့တာလို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လွှမ်းမိုးရဲ့ ‘ဆရာမ’ သီချင်းကို ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ဆိုပြပြီး မနေ့က ကိုယ်စားလှယ်တွေ အကုန်လုံးကို သတိပေးတာ။ နောက်ကို အဆိုတင်သွင်းရင် သီချင်းစာသားတွေ ထည့်မသုံးဖို့” လို့ ပြောပါတယ်။
ကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး အဆိုတော်လွှမ်းမိုးရဲ့ “ဆရာမ” သီချင်းကို ဥပမာပေးကာ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ အဆိုပါ ပါတီနဲ့နီးစပ်သူက ပြောပါတယ်။
“အခုလို သတိပေးတာ ကောင်းတယ်။ နောက်မို့ဆို တခြားကိုယ်စားလှယ်တွေ သီချင်းစာသားတွေနဲ့ အဆိုကို တင်သွင်းမှာ။ အဲဒီလိုဆိုရင် လွှတ်တော်က လွှတ်တော်နဲ့မတူဘဲ ဆိုကြမယ်၊ ပျော်ကြမယ်ဆိုတဲ့ အစီအစဉ်ဖြစ်သွားမှာ” လို့ သူက ပြောပါတယ်။
အခြေခံပညာကျောင်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ဖို့နဲ့ ကြင်နာတတ်တဲ့ ကျောင်းယဉ်ကျေးမှုတစ်ရပ် တည်ဆောက်နိုင်ဖို့အတွက် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့် တင်သွင်းခဲ့တဲ့ အဆိုကို အဲဒီနေ့မှာ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ထောက်ခံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
