ဒီးမော့ဆိုမှာ မီးရထားကို မမြင်ဖူးတဲ့ ကလေးငယ်တွေရှိနေ

Author CJ Platform
Categories
Published on Nov 13, 2026

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ မီးရထားကို အပြင်မှာ တစ်ခါမှ မမြင်ဖူးတဲ့ ကလေးငယ်တွေရှိနေတယ်လို့ ဒေသခံမိခင်တွေက ပြောပါတယ်။

 

ဒီးမော့ဆိုမြို့နယ်မှာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်ရသူတွေ ရှိလာပြီး ဒေသခံတွေနဲ့အတူ နေထိုင်သူတွေရှိသလို စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေလည်း ရှိနေပြီး အဲဒီအထဲမှာ မီးရထားကို အပြင်မှာ မမြင်ဖူးတဲ့ ကလေးငယ်တွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

 

မီးရထားကို မမြင်ဖူးတဲ့ ကလေးငယ်တွေနဲ့ပတ်သက်ပြီး CJ Platform က မြေပြင်မှာ နေထိုင်တဲ့ မိခင် ၂၃ ဦးကို မေးမြန်းခဲ့ရာ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အရွယ်အထိ မီးရထားကို အပြင်မှာ မမြင်ဖူးသူတွေ ရှိနေတယ်လို့ ပြောပါတယ်။

 

“အစ်မကလေးဆို ဆယ်နှစ်ရှိပြီ။ သူအသက် ၅ နှစ်ကစပြီး ဒီးမော့ဆိုကို စစ်ရှောင်လာတာပေါ့။ မီးရထားကို အပြင်မှာ မမြင်ဖူးဘူး။ စီးဖို့ဆိုတာ ဝေးပေါ့။ ရုပ်ရှင်ထဲမှာတော့ မြင်ဖူးလောက်တယ်။ လွိုင်ကော်မှာ နေရင်တော့ မြင်ဖူးလောက်တယ်။ အမတောင် မီးရထားကို တစ်ခါပဲ စီးဖူးတယ်” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ လေးမိုင်ရပ်မှာ အသားရောင်းချနေတဲ့ မိခင်တစ်ဦးက ပြောပါတယ်။

 

အဲဒီဒေသမှာ နေထိုင်တဲ့ ဆယ်နှစ်အောက် ကလေးမိခင်တစ်ဦးကလည်း သူ့ကလေးဟာ မီးရထားကို ရုပ်ရှင်ထဲမှာသာ မြင်ဖူးပြီး အပြင်မှာ မီးရထားသံကိုတောင် မကြားဖူးဘူးလို့ ပြောပါတယ်။

 

ဒီးမော့ဆိုမြို့နယ်က ကလေးငယ်တွေဟာ စစ်ဘေးကြောင့် မမြင်သင့်တာတွေကို မြင်ခဲ့ရပြီး မြင်သင့်တာတွေကို မမြင်ခဲ့ရဘူးလို့ ကလေးကစားစရာအရုပ်တွေ ရောင်းချနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“ဒီမှာဆို မီးရထားအရုပ်က မရောင်းရဘူး။ လချီပြီး ရှိနေတာ ကြာပြီပေါ့။ အဓိက ရောင်းရတာက လေယာဉ်ပျံတို့၊ ဆိုင်ကယ်၊ ကားနဲ့ သေနတ်တွေပေါ့။ အဲဒါတွေကတော့ သူတို့ မြင်နေ၊ တွေ့နေကြကို။ သူတို့က မီးရထားကျတော့ အပြင်မှာ မမြင်ဖူးတော့ စိတ်မဝင်စားကြတာ၊ မကစားတတ်တာပေါ့” လို့ သူက ပြောပါတယ်။

 

ကရင်နီပြည်မှာ စစ်ဘေးရှောင်နေရသူ တစ်သန်းကျော်ရှိပြီး ဒီးမော့ဆိုမြို့နယ်ဟာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေနဲ့ အနီးဆုံးမှာရှိတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

 

ပုံစာ – ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ကလေးငယ်တွေနဲ့ ကလေးကစားစရာအရုပ် အရောင်းဆိုင်ကို တွေ့ရစဉ်။

 

 

Related News

Depend on news