စင်ကာပူအခြေစိုက် မြို့ပြဖွံ့ဖြိုးရေး၊ အင်ဂျင်နီယာနဲ့ အခြေခံအဆောက်အအုံ အတိုင်ပင်ခံလုပ်ငန်းစုက မြန်မာကုမ္ပဏီခွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်

Author CJ Platform
Categories
Published on Nov 12, 2026

စင်ကာပူအခြေစိုက် မြို့ပြဖွံ့ဖြိုးရေး၊ အင်ဂျင်နီယာနဲ့ အခြေခံအဆောက်အအုံ အတိုင်ပင်ခံလုပ်ငန်းစု Surbana Jurong Group (SJ Group) ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲဖြစ်တဲ့ Surbana International Consultants (Myanmar) ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကုမ္ပဏီဘက်က ကြေညာပါတယ်။

 

နိုဝင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေအစည်းအဝေးမှာ ကုမ္ပဏီဖျက်သိမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နိုင်ဖို့ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကုမ္ပဏီထံက ရရန်ရှိတဲ့ ကြွေးမြီနဲ့ တောင်းဆိုပိုင်ခွင့်တွေရှိတဲ့ မြီရှင်တွေအနေနဲ့ ကြွေးမြီအထောက်အထားတွေနဲ့ တောင်းဆိုလွှာတွေကို ဒီဇင်ဘာ ၁၁ ရက်ထက် နောက်မကျဘဲ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တင်သွင်းကြဖို့လည်း အသိပေးထားပါတယ်။

 

SJ Group ဟာ ၂၀၁၆ ခုနှစ်ကစပြီး Surbana Jurong အမည်နဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းအမှတ်တံဆိပ်အသစ် မိတ်ဆက်ခဲ့ပြီး စီမံကိန်းပေါင်း ၄၀ ခန့်မှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းတွေထဲမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရန်ကုန်ငါးပြတိုက်စီမံကိန်း (Yangon Ecological Aquarium)၊ ဒဂုံဆိပ်ကမ်း စမတ်စီးတီးစီမံကိန်း၊ ပဲခူးဒေသဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတို့ ပါဝင်ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာလည်း ဗြိတိန်အခြေစိုက် စာရင်းစစ်နဲ့ အတိုင်ပင်ခံလုပ်ငန်းကြီး PricewaterhouseCoopers (PwC) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေးလုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။