၅ နှစ်ကျော်အတွင်း နိုင်ငံခြားသား ၇၃,၀၀၀ ကျော်ကို စစ်အုပ်စုက တရားမစွဲဘဲ ပြည်နှင်ဒဏ်ပေးခဲ့ ကျားဖြန့်များပါ ပါဝင်နိုင်


စစ်အုပ်စုက ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ငါးနှစ်ကျော်အတွင်း နိုင်ငံခြားသား ၇၃,၀၀၀ ကျော်ကို တရားစွဲဆိုခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ပြောပါတယ်။

 

နိုဝင်ဘာ ၁၀ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုဗ္ဗသီရိမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို စစ်ဆေးပြီး မူရင်းနိုင်ငံတွေကို ပြန်ပို့ဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။

 

အဲဒီမေးခွန်းကို ဖြေကြားရာမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားမဝင် ဝင်ရောက်မှုတွေကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ်ပေးခဲ့တဲ့ နိုင်ငံခြားသား ၄,၄၀၆ ဦးရှိပြီး ပြစ်ဒဏ်ကျခံနေရဆဲ နိုင်ငံခြားသား ၂,၅၃၃ ဦးရှိတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

 

ဒါ့အပြင် နှစ်နိုင်ငံချစ်ကြည်ရေးအရနဲ့ သက်ဆိုင်ရာသံရုံးတွေက မေတ္တာရပ်ခံလာတာကြောင့် အခြားပြစ်မှုကျူးလွန်ထားတာမရှိတဲ့ နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို တရားစွဲဆိုခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ နိုင်ငံခြားသားတွေရဲ့ နေထိုင်မှုအခြေအနေကို စစ်ဆေးဖို့ Form C၊ e-Form C တွေကို စစ်ဆေးတာ၊ တကယ်တမ်း နေထိုင်အလုပ်လုပ်ကိုင်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးတာနဲ့ ဧည့်စာရင်း ရှောင်တခင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

 

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပူးပေါင်းစစ်ဆေးရေးဂိတ် ၃၈ ဂိတ် ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

စစ်အုပ်စုက တရားစွဲဆိုခြင်း မရှိဘဲ ပြည်နှင်ဒဏ်ပေးခဲ့သူတွေထဲမှာ ကျားဖြန့်ကြောင့် ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေ အများစု ပါဝင်တယ်လို့လည်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

 

 

 

Related News

Depend on news