e-ticket နဲ့ပတ်သက်ပြီး ခဏခဏ တောင်းပန်နေရတဲ့ မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ ရထားလက်မှတ်တွေကိုပါ အွန်လိုင်းစနစ်နဲ့ ရောင်းချဖို့ ပြင်လာ
ရန်ကုန်-ပုဂံ ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ရောင်းချမယ်လို့ မြန်မာ့မီးရထားက ကြေညာပြီးနောက် လက်ရှိ ORTP စနစ်မှာ ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲတွေကြောင့် အဆင်မပြေမှုတွေ ထပ်မံဖြစ်လာမှာကို ခရီးသွားတွေက စိုးရိမ်နေကြပါတယ်။
ရထားလက်မှတ်တွေကို Online Railway Ticketing Platform (ORTP) ဝက်ဘ်ဆိုက်ကနေ ဝယ်ယူရမှာဖြစ်တာကြောင့် စနစ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ရမှာကို စိုးရိမ်နေတာလို့ ခရီးသွားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်ကနေ နေပြည်တော်လက်မှတ်ကို ORTP စနစ်နဲ့ ဝယ်ဖူးတယ်။ အဆင်မပြေဘူး။ အမြဲတမ်း System က Error ပြတယ်။ ပြဿနာက လိုင်းမကောင်းတာရယ်၊ အဲဒီစနစ်ကို ကိုင်တဲ့ဝန်ထမ်းတွေက နည်းပညာမကျွမ်းကျင်တာကြောင့်ပဲ။ အဲဒီလိုဖြစ်ရင် ဘယ်သူ့ကို သွားပြောရမှန်းမသိဘူး” လို့ ပြောပါတယ်။
ORTP စနစ်နဲ့ လက်မှတ်ကြိုတင်ဝယ်ယူပေမဲ့ ကိုယ်လိုချင်တဲ့ ခုံနေရာမရဘဲ လက်မှတ်တွေ ကုန်နေတတ်တာကြောင့် အွန်လိုင်းစနစ်နဲ့ လက်မှတ်ဝယ်ယူရတာ ပိုပြီးအခက်အခဲရှိတယ်လို့ နောက်ထပ်ခရီးသွားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အွန်လိုင်းစနစ်နဲ့ဆို ဘူတာကို သွားစရာမလိုဘူး၊ အချိန်ကုန်သက်သာတာ မှန်ပေမဲ့ ကိုယ်လိုချင်တဲ့ ခုံနေရာ ဘယ်တော့မှမရဘူး။ ORTP စနစ်က Error ဖြစ်လို့ ငွေပြန်အမ်းတာတောင် ရှိတယ်။ စနစ်ကို အရင်ပြင်သင့်တယ်” လို့ ပြောပါတယ်။
မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ ORTP စနစ်ကနေ အွန်လိုင်းလက်မှတ်ရောင်းချရာမှာ ရိုးရိုးတန်းလက်မှတ်တွေကို ခရီးစဉ်မတိုင်မီ တစ်ရက်ကြိုတင်ပြီး ရောင်းချပေးသလို အထက်တန်းနဲ့ အိပ်စင်လက်မှတ်တွေကိုတော့ သုံးရက်ကြိုတင်ပြီး ရောင်းချပေးနေပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နေပြည်တော်ကနေ နေရပ်ပြန်မယ့် ဝန်ထမ်းတွေဟာ ရထားလက်မှတ်တွေကို ORTP စနစ်ကနေ အွန်လိုင်းဝယ်ယူရာမှာ e-ticket မရရှိခဲ့တာကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက် ORTP info by မြန်မာ့မီးရထား Page က ဧပြီ ၅ ရက်မှာ ခရီးသွားတွေကို တရားဝင်တောင်းပန်ခဲ့ရပါတယ်။
