မော်လမြိုင်မှာ စစ်အုပ်စုရဲ့ ပြည်နယ်ဦးစီးမှူး ဆွဲကြိုးဖြတ်လုခံရလို့ ရဲသွားတိုင်တာ အမှုမဖွင့်မပေးလို့ ပြည်နယ်အစိုးရထိ တိုင်ရ
မွန်ပြည်၊ မော်လမြိုင်မြို့နယ် ဒိုက်ဝန်းကွင်းရပ်ကွက်၊ စက်ကွင်းလမ်းမှာ စစ်အုပ်စုရဲ့ ပြည်နယ်ဦးစီးမှူး အမျိုးသမီးတစ်ဦး ဆွဲကြိုးဖြတ်လုယက်ခံခဲ့ရပြီး နိုဝင်ဘာ ၉ ရက်မှာ ဒိုက်ဝန်းကွင်းရဲစခန်း၌ အမှုဖွင့်ထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၇ ရက် မနက်အစောပိုင်းက ဒိုက်ဝန်းကွင်းရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ ပြည်နယ်ဦးစီးမှူး အမျိုးသမီးဟာ နေအိမ်ရှေ့မှာ ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေစဉ် ဆွဲကြိုးဖြတ်လုယက်ခံခဲ့ရတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“၆ ရက်နေ့ကမှ ပြောင်းလာတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့က ပြည်နယ်ဦးစီးမှူးပါ။ ဝန်ထမ်းလိုင်းခန်း မရသေးလို့ အိမ်ငှားနေတာ။ အိမ်ရှေ့မှာ လေ့ကျင့်ခန်းလုပ်နေရင်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်လုသွားတာ။ ဆွဲကြိုးက ၁ ကျပ်သားကျော်တယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြည်နယ်ဦးစီးမှူးဟာ ဒိုက်ဝန်းကွင်းရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ ရဲစခန်းက အမှုဖွင့်ပေးတာမရှိတာကြောင့် ပြည်နယ်အစိုးရထံ အကြောင်းကြားခဲ့ပြီးမှ အမှုဖွင့်ပေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆွဲကြိုးအလုခံရချင်း ရဲစခန်းသွားတိုင်တယ်။ ရဲစခန်းက အမှုမဖွင့်ပေးဘူး။ ပြည်နယ်အစိုးရကို အကြောင်းကြားလိုက်မှ အမှုဖွင့်ပေးတာ” လို့ ပြောပါတယ်။
လက်ရှိမှာ အဲဒီလုယက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ဒိုက်ဝန်းကွင်းရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ်မှာ ဆရာဝန်တစ်ဦးရဲ့ နေအိမ် ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းတွေ သိန်းတစ်ထောင်ကျော်ဖိုး ပါသွားခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
