NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အုပ်စု ပြော

Author CJ Platform
Categories
Published on Nov 10, 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

 

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၈ ရက်မှာ မွန်ပြည်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရဲ့ အရှေ့မြောက်ဘက်နဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းနဲ့ ထီးကလာချောင်းတစ်ဝိုက်မှာရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်မှာ သိမ်ဇရပ်မြို့အနီး ကော်ကတ်နဲ့ ကော်ကီးထရွာတစ်ဝိုက်ရှိ KNU ရဲ့ KNLA တပ်မဟာ ၁၊ တပ်ရင်း ၃ ဌာနချုပ်အပါအဝင် စခန်း ၄ ခုကိုလည်း သိမ်းပိုက်ခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

 

စစ်အုပ်စုဟာ နိုဝင်ဘာ ၃ ရက်ကစပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်မှာ ကော်ကတ်ကျေးရွာအနီးရှိ ယာယီစခန်းတစ်ခုနဲ့ နိုဝင်ဘာ ၆ ရက်မှာ ကော်ကီးထကျေးရွာအနီးရှိ စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကလည်း NUG အထူးတိုင်းစစ်ဌာနချုပ်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လေတပ် CDM တပ်ကြပ်ကြီး ဦးနေလင်းအောင်နဲ့ PDF တပ်ဖွဲ့ဝင်တွေ အပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အခုတစ်ကြိမ်မှာတော့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တစ်လကျော်အကြာ နိုဝင်ဘာလဆန်းပိုင်းမှာ မြေပြင်စစ်ကြောင်းတွေ ထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်လာတာဖြစ်ပါတယ်။

 

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NUG ဘက်ကတော့ လက်ရှိအချိန်အထိ ပြန်လည်တုံ့ပြန်ထားတာ မရှိသေးပါဘူး။