ရှမ်းပြည်တောင်ပိုင်းက မြို့နယ်အချို့မှာ ရေကြီးပြီး နေအိမ်တွေအတွင်း ရေဝင်
ရှမ်းပြည်တောင်ပိုင်းက အောင်ပန်းနဲ့ ကလောမြို့တွေအပါအဝင် မြို့နယ်အချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ နိုဝင်ဘာ ၈ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကလောနဲ့ အောင်ပန်းမြို့ပေါ် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လမ်းတွေနဲ့ နေအိမ်ဝင်းတွေ ရေမြုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လဲချား၊ ခိုလမ်နဲ့ မိုးနဲမြို့နယ်တို့က ဒေသအချို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ကလောမြို့အနီးမှာလည်း နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက ချောင်းရေမြင့်တက်တာနဲ့ မြေပြိုကျတာကြောင့် လမ်းပိုင်းတစ်ခု ယာယီပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောက်ထပ် ၂ ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြေနိမ့်ပိုင်းနဲ့ မြစ်ချောင်းအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှု၊ တောင်ပြိုမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကို သတိထားကြဖို့နဲ့ ဘေးလွတ်ရာနေရာတွေကို ကြိုတင်ရွှေ့ပြောင်းကြဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။
