အီရတ်တွင် မြန်မာအိမ်အကူ အမျိုးသမီး ၁၄ ထပ်မှ ပြုတ်ကျသေဆုံး၊ အမှုမှန်ပေါ်ပေါက်ရေး အီရတ်အစိုးရထံ ညှိနှိုင်းနေ
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ အိမ်အကူအလုပ် လုပ်ကိုင်နေတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာအမျိုးသမီး မမေဇင်ထွန်း အဆောက်အအုံ ၁၄ ထပ်ကနေ ပြုတ်ကျသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီ အမှုမှန်ပေါ်ပေါက်ရေးအတွက် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ကူဝိတ်မြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မမေဇင်ထွန်းဟာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ဇာတိဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်က ဘဂ္ဂဒက်မြို့ရှိ Nasim City အိမ်ရာဝင်းအတွင်းက လူနေအဆောက်အအုံ ၁၄ ထပ်ကနေ ပြုတ်ကျသေဆုံးခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အခင်းဖြစ်ပွားခဲ့တဲ့ အိမ်ရာက အိမ်ပိုင်ရှင်ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
ကူဝိတ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သေဆုံးမှုနဲ့ပတ်သက်ပြီး ကူဝိတ်မြို့ရှိ အီရတ်သံရုံးကတစ်ဆင့် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ထားပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေရရှိရေးအတွက်လည်း ညှိနှိုင်းမေတ္တာရပ်ခံထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သံရုံးဟာ သေဆုံးသူရဲ့ မိသားစုနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်တဲ့အကူအညီတွေ ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာသံရုံး (ကူဝိတ်မြို့) က အီရတ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေပြီး အရေးပေါ်အကူအညီလိုအပ်ပါက သံရုံးကို တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
