အာရှဆန်ဈေး ထပ်တက်နိုင်လို့ တောင်သူတွေ မိုးစပါးကို အလျှင်စလို မရောင်းချဖို့လို
အာရှဆန်ဈေးကွက်မှာ ရောင်းလိုအားနဲ့ ထုတ်လုပ်မှုအခြေအနေတွေကြောင့် ဆန်ဈေး ထပ်မံမြင့်တက်လာနိုင်တဲ့အတွက် လက်ရှိဈေးကျနေတဲ့ မိုးစပါးကို အလျင်စလိုမရောင်းဘဲ တတ်နိုင်သမျှ ထိန်းရောင်းဖို့ တောင်သူအကျိုးပြု လုပ်ငန်းရှင်အချို့က အကြံပြုပါတယ်။
အောက်တိုဘာ ၉ ရက်က ထုတ်ပြန်တဲ့ Reuters သတင်းအရ အိန္ဒိယဆန်ဖြူ ၅ မှတ်တစ်တန်ဈေးဟာ အမေရိကန်ဒေါ်လာ ၃၇၉ မှ ၃၈၄ ကြားရှိနေပြီး အိန္ဒိယဆန်ပေါင်း ၅ မှတ်တစ်တန်ဈေးကတော့ ဒေါ်လာ ၃၇၈ မှ ၃၈၄ ကြားရှိနေပါတယ်။ ထိုင်းဆန်ဖြူ ၅ မှတ်တစ်တန်ဈေးကလည်း အရင်တစ်ပတ်က ဒေါ်လာ ၄၆၀ ဝန်းကျင်ရှိရာကနေ ဒေါ်လာ ၄၆၅ မှ ၄၆၈ ကြားအထိ မြင့်တက်လာပါတယ်။
အိန္ဒိယမှာ မိုးရေချိန်နည်းပါးမှုကြောင့် ဆန်စပါးထုတ်လုပ်မှု လျော့ကျနိုင်တဲ့အပြင် ထိုင်းနိုင်ငံမှာလည်း ရေကြီးမှုနဲ့ ဆက်စပ်တဲ့ စိုးရိမ်မှုတွေကြောင့် ဆန်ဈေးမြင့်တက်လာတာဖြစ်တယ်လို့ ဈေးကွက်သတင်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယဆန်ဈေးကတော့ ရူပီးငွေတန်ဖိုးကျဆင်းမှုက ပို့ကုန်ဈေးနှုန်းကို ထိန်းထားနိုင်ပေမဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာကြောင့် ဝယ်လက်အချို့က ဝယ်ယူမှုကို ရွှေ့ဆိုင်းနေကြတယ်လို့ ကုန်သည်တစ်ဦးက ပြောထားပါတယ်။
အာရှဆန်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံက စပါးဈေးနှုန်းအပေါ်လည်း သက်ရောက်မှုရှိနိုင်ပြီး မြန်မာနိုင်ငံဟာ ပြည်တွင်းစားသုံးမှုအတွက် ဆန်စပါးထုတ်လုပ်သလို ပိုလျှံတဲ့ ဆန်နဲ့ ဆန်ကွဲတွေကိုလည်း ပြည်ပနိုင်ငံတွေထံ တင်ပို့နေတာဖြစ်ပါတယ်။
မြန်မာ့ဆန်အတွက် ပြည်ပဈေးကွက်ဟာ အရေးပါတဲ့ ဝင်ငွေရင်းမြစ်တစ်ခုလည်း ဖြစ်ပြီး မြန်မာဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်ကို ကိုးကားထားတဲ့ သတင်းတွေအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၇ သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့ပါတယ်။
ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ ၂၀၂၆-၂၀၂၇ စပါးရာသီမှာ အဓိကမိုးစပါးရိတ်သိမ်းမှုကို အောက်တိုဘာလကုန်ပိုင်းမှာ စတင်နိုင်ဖို့ မျှော်မှန်းထားပြီး မြန်မာနိုင်ငံရဲ့ နှစ်စဉ်စပါးထုတ်လုပ်မှုမှာ အဓိကမိုးစပါးက ၈၀ ရာခိုင်နှုန်းဝန်းကျင် ပါဝင်ပါတယ်။
ဒါပေမဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ရခိုင်၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းရှိ ဒေသအချို့မှာ စပါးစိုက်ခင်းပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ FAO က ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းမှာ လယ်ယာမြေ ဟက်တာ ၂၀,၂၃၅ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း မြို့နယ်တစ်ခုမှာ စိုက်ပျိုးထားတဲ့ စပါးဧရိယာ ဟက်တာ ၁၂,၅၀၀ ဝန်းကျင်အနက် ဟက်တာ ၉,၀၇၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း FAO က ၂၀၂၆-၂၀၂၇ စပါးထုတ်လုပ်မှု စုစုပေါင်းကို တန်ချိန်သန်း ၃၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပြီး ပျမ်းမျှအဆင့်ထက် အနည်းငယ်မြင့်မားနိုင်တယ်လို့ ဆိုထားပါတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ဒေသအချို့မှာ စပါးပျက်စီးခဲ့ပြီး တစ်နိုင်ငံလုံး စပါးထုတ်လုပ်မှု အနည်းငယ် ကျဆင်းသွားနိုင်တယ်လို့ ဆန်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒသုတေသနအဖွဲ့ (IFPRI) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအရ ၂၀၂၅ မိုးစပါးရာသီမှာ စပါးစိုက်ပျိုးသူ ၂,၇၃၄ ဦးရဲ့ အချက်အလက်တွေကို လေ့လာခဲ့ရာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် စပါးအထွက်နှုန်း ပျမ်းမျှ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
အဲဒီကာလအတွင်း စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ မြင့်တက်ခဲ့ပြီး တစ်ဧက စပါးစိုက်ပျိုးစရိတ်ဟာ ၆၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း စပါးတစ်ဧကအတွက် အမည်ခံအမြတ်ငွေဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ IFPRI က ဖော်ပြထားပါတယ်။
အဲဒီလေ့လာမှုမှာ ရေကြီးမှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့်လည်း စပါးအထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမိုးစပါးအသစ်ပေါ်ချိန်မှာ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတဲ့အတွက် ပြည်တွင်းစပါးဈေး ကျဆင်းနေတယ်လို့ ဈေးကွက်လေ့လာသူအချို့က ဆိုပါတယ်။ စပါးစိုက်ပျိုးရာမှာ အရင်းအနှီးများစွာ သုံးစွဲထားရသလို ချေးငွေ၊ အတိုးနဲ့ ရိတ်သိမ်းပြီးစပါးတွေကို သိုလှောင်ထားဖို့ လိုအပ်ချက်တွေကြောင့် တောင်သူအများစုဟာ သီးနှံပေါ်ချိန်မှာ အမြန်ရောင်းချဖို့ ဖိအားရှိနေကြပါတယ်။
ဈေးကွက်အချက်အလက်အရ ယခုနှစ် မိုးစပါးအသစ် စတင်ပေါ်ချိန်မှာ စပါးတင်း ၁၀၀ ကို ကျပ် ၁၈ သိန်းဝန်းကျင် ရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျပ် ၁၆ သိန်းအောက်အထိ ဈေးကျဆင်းခဲ့ပါတယ်။
လယ်သမားတွေအနေနဲ့ ကြွေးမြှီများပြားလာတာ စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေတာကြောင့် စျေးနှုန်းအမြင့်ကို စောင့်ဆိုင်းပြီး ရောင်းချဖို့ဆိုတာလည်း ခက်ခဲနေကြပါတယ်။
