မူးဘောင်းကျိုးမှု မပြင်နိုင်လို့ တန့်ဆည်နဲ့ နီးစပ်ရာ မြို့နယ် ၃ ခုမှ ဒေသခံတွေ သောက်သုံးရေနဲ့ စိုက်ပျိုးရေပါ အခက်ကြုံနေ

Author CJ Platform
Categories
Published on Sep 03, 2026

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အတွင်းက ဒေသအခေါ် ဝါးရငယ် မူးဘောင်း ကျိုးပေါက်မှုကို ဒီကနေ့ စက်တင်ဘာ (၃)ရက်နေ့ထိ လာရောက် ကွပ်ကဲ ပြုပြင်ပေးခြင်း မရှိသေးတာကြောင့် မလိုအပ်ဘဲ ရေစီးဝင်တဲ့ ကျေးရွာတွေမှာ လယ်ကွင်းတွေ ရေနစ်မြုပ်နေတဲ့အပြင် တန့်ဆည်၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တို့မှ ဒေသခံတွေအဖို့ စိုက်ပျိုးရေပါ ရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက် မနက်ပိုင်းက စတင်ပြီး သဖန်းဆိပ်ဆည်ရေ လွှတ်ချလို့ ရုတ်တရက် မူးမြစ်ရေ ကြီးကာ မြစ်ရိုးတစ်လျှောက် ရွာတွေ ရေဘေးကြုံခဲ့ရပြီးနောက် ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရေထပ်မံ လွှတ်စဉ် တန့်ဆည်မြို့နယ်၊ ဝါးရငယ်ကျေးရွာ မြောက်ဘက် ကျွန်းတောကုန်းကျေးရွာ အနီးရှိ မူးဘောင်း ကျိုးကျခဲ့တာကြောင့် တောင်သူ လယ်ဧက ထောင်ချီ ရေမြုပ် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

 

“မူးကျိုးတာကို တာဝန်ရှိသူတွေ ဘာမှ လာမလုပ်ပေးသေးတော့ မလိုအပ်ဘဲ ရေစီးဝင်တဲ့ ရွာတွေက လယ်တွေ ရေမြုပ်နေတုန်းပဲ။ ရေနိမ့်တဲ့ ရွာတွေက ဒေသခံတွေ လူအားနဲ့ စုပေါင်းပြီး တာရိုက် ပြုပြင်ကြပေမဲ့ စက်ယန္တရား မပါဘဲ လူအားနဲ့ပဲ လုပ်ရတာဆိုတော့ သဖန်းဆိပ်ဆည်က လွှတ်တဲ့ ရေအားကို မနိုင်ဘဲ ပြန်ကျိုးသွားတာ” လို့ ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

 

မူးဘောင်း ကျိုးပေါက်မှုကြောင့် ကျွန်းတောကုန်း၊ ဖလန်ချိုင်၊ တန့်ဆည်၊ ငတန်း၊ ရွှေတကျေး စတဲ့ ကျေးရွာတွေက လယ်ကွင်းတွေအတွင်း ရေတွေ မလိုလားအပ်ဘဲ စီးဝင်နေတာကြောင့် စပါး ပြန်လည် စိုက်ပျိုးဖို့ မဖြစ်နိုင်သေးသလို မူးဘောင်း အောက်ဘက်ရှိ တန့်ဆည်၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေ အတွင်းမှ ကျေးရွာ အများအပြားမှာလည်း မူးမြောင်းရေကို သောက်သုံးဖို့ အသုံးပြုလို့ မရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

လက်ရှိမှာ တန့်ဆည်၊ ရေဦးနဲ့ ဒီပဲယင်းနယ်တွေက ရေကြီးစဉ်က ပျက်စီးသွားတဲ့ လယ်ကွင်းတွေကို စက်နဲ့ ရေစုပ်ထုတ်ကာ ပြန်လည် စိုက်ပျိုးပြီးစီးခဲ့ပေမဲ့ မူးဘောင်း ကျိုးပေါက်နေတာကြောင့် မြောင်းအတွင်း ရေမလာတော့ဘဲ ပြန်လည် စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်း၊ မြေပဲ လယ်ဧက ၂ သောင်းခန့်မှာ ရေမရရှိတော့ဘဲ မိုးမျှော်နေကြရသလို အချို့မှာ မီးစက်တွေနဲ့ ရေစုပ်တင်နေရကြောင်း သိရပါတယ်။

 

ခုလို စိုက်ပျိုးတောင်သူတွေရဲ့ အခက်အခဲနဲ့ ဒုက္ခရောက်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံး လာရောက် ပြုပြင်ပေးဖို့ ဒေသခံ တောင်သူတွေ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့