အဓမ္မ ပြုကျင့်ဖို့ ကြံစည်ခံရတဲ့ မြောက်ဦးက ကိုယ်ဝန်ဆောင် အမျိုးသမီး အရေးပေါ် ဆေးကုသနေရ

Author CJ Platform
Categories
Published on Aug 20, 2026

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်း ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ အဓမ္မ ပြုကျင့်ဖို့ ကြံစည်ခံရတာကြောင့် လက်ရှိမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။

 

အဓမ္မ ပြုကျင့်ဖို့ ကြံစည်တဲ့ အချိန်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မိခင်နဲ့ ဗိုက်ထဲက ကလေးငယ်မှာ အသက်အန္တရာယ် ရှိနေကြောင်း ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောပြတာပါ။

 

“ပြုကျင့်ဖို့ ကြံစည်နေတုန်း မိန်းကလေးရဲ့ ဗိုက်ကို တက်ဖိလိုက်တာပါ။ ဆေးရုံက ဆရာဝန်ကတော့ အချင်းကြိုး နာသွားတယ်လို့ ပြောပါတယ်။ ကိုယ်ဝန်ကလည်း ၉ လ အတက်ပဲ ရှိသေးတော့ ကလေးကို ခွဲစိတ်ယူလို့ မရဘူး။ လောလောဆယ်တော့ ဆေးရုံတက်ရင်း စောင့်ကြည့်နေရတုန်းပါပဲ။ မိခင်ရော ဗိုက်ထဲက ကလေးမှာပါ အသက်အန္တရာယ် ရှိနေတာပါ” လို့ ဆိုပါတယ်။

 

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ခင်ပွန်းဖြစ်သူနဲ့ အတူပါလာတဲ့ ဇော်မြင့်ထွန်း ဆိုသူက အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

 

ပြုကျင့်ဖို့ ကြိုးစားတဲ့ အချိန်မှာလည်း ဘေးပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းခံခဲ့တာကြောင့် လွတ်မြောက်ခဲ့ရကြောင်း သိရတာပါ။

 

“သူနဲ့ သိတာကတော့ တော်တော် ကြာပါပြီ။ ဆိုင်ကယ် အရောင်းအဝယ် ကိစ္စ ပြောစရာ ရှိတယ်ဆိုပြီး ကျွန်တော့်အိမ်ကို လိုက်လာတာပါ။ လမ်းဘေးဆိုင်က အရက် ၁ လုံးဝယ်ပြီး အိမ်မှာ နှစ်ယောက် သောက်ကြပါတယ်။ သူက မဝသေးဘူး ဆိုလို့ နောက်ထပ် တစ်လုံး ထပ်ဝယ်လိုက်ပါတယ်။ အဲဒီအချိန် ကျွန်တော်က မူးပြီး အိပ်ပျော်သွားခဲ့တယ်။ ကျွန်တော် အိပ်ပျော်သွားတဲ့ အချိန်မှာပဲ ကျွန်တော့်မိန်းမကို ကျူးလွန်ဖို့ ကြိုးစားတာပါ။ ထိုင်နေတဲ့ ကျွန်တော့်မိန်းမကို တွန်းလိုက်ပါတယ်။ ပြီးတော့ အပေါ်က ခွထိုင်ပြီး လည်ပင်းကို လက်နဲ့ ဆုပ်ကိုင်ပြီးတော့ ပါးတွေကို ရိုက်ပါတယ်။ အဲဒီအချိန် ခေါင်းထက်မှာရှိတဲ့ နံရံက ဓားကို နုတ်ပြီး ပြန်ခုခံရင်း အိမ်ဘေးနားက လူတွေကို အော်ဟစ် အကူအညီ တောင်းလိုက်တဲ့ အချိန်မှ သူက ထွက်ပြေးသွားတာပါ” လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။

 

ကျူးလွန်သူလို့ဆိုသူ ကိုဇော်မြင့်ထွန်း (အသက် ၃၆ နှစ်) မှာ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာ ဇာတိဖြစ်ပြီး ပေါက်ပင်ကွင်း ကျေးရွာမှာ အိမ်ထောင်ကျနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

ထိုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပေါက်ပင်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပေမဲ့ ကျူးလွန်သူတွေဘက်က ငွေ ၁၃ သိန်းနဲ့ ဆေးရုံစရိတ်တွေကို လျော်ကြေးအနေနဲ့ ပေးမယ်လို့ ဆိုကာ နှစ်ဦးနှစ်ဖက် ကျေအေးပေးခဲ့ကြတယ်လို့ သိရတာပါ။

 

လက်ရှိမှာတော့ ကျူးလွန်သူ ဇော်မြင့်ထွန်းကို မြောက်ဦးခရိုင် DLEPS (ရဲ) တပ်ဖွဲ့က ဖမ်းဆီးထားပြီး အရေးယူ ဆောင်ရွက်နေကြောင်း DLEPS နဲ့ နီးစပ်သူတွေက ပြောပြကြပါတယ်။

 

ဓာတ်ပုံ – CJ

ပုံစာ – အခင်းဖြစ်ပွားရာနေရာကို မြင်ရပုံ

CJ 008