မီဇိုရမ်မှာ ပွင့်တဲ့ ပန်း
အိန္ဒိယ – မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်ရဲ့ အေးစက်တဲ့ တောင်တန်းဒေသ အိမ်လေးတစ်လုံးထဲကနေ အပ်ချုပ်စက်နင်းသံ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေပါတယ်။ အထည်စတစ်စကို စက်အောက်မှာ ဖြည်းဖြည်းချင်း ထည့်ရင်း လက်ကလည်း အပ်ချုပ်စက်ကို ကျွမ်းကျွမ်းကျင်ကျင် လည်ပတ်နေတာပါ။
အဲဒီအလုပ်ကို လုပ်နေသူကတော့ မသူဇာ ဖြစ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံကနေ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ စစ်ဘေးရှောင်ပြီး နယ်စပ်ဘက်ကို ရောက်လာခဲ့ရတဲ့ မသူဇာဟာ အခုတော့ သူ မတတ်ထားတဲ့ စက်ချုပ်ပညာကို အသုံးချပြီး ကိုယ့်ဘဝကိုယ် ရပ်တည်နေသလို ဘဝတူ စစ်ဘေးရှောင် အမျိုးသမီးတွေကိုလည်း စက်ချုပ်ပညာ ပြန်သင်ပေးနေတာပါ။
မသူဇာ နယ်စပ်ကို စရောက်တဲ့အချိန်က အလုပ်တစ်ခုရဖို့ထက် ပိုခက်ခဲတာက ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ ဖြစ်ပါတယ်။ မီဇိုးစကားလည်း မတတ်သေးတဲ့အတွက် လူတွေနဲ့ ဆက်သွယ်ပြောဆိုရတာကအစ အခက်အခဲ ရှိခဲ့တာပါ။
သူမ စတင်ရောက်ရှိစဉ်မှာ စစ်ဘေးရှောင်စခန်းတစ်ခုရဲ့ ကျောင်းဟောင်းမှာ ခိုလှုံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အပြင်ထွက်ပြီး အိမ်ငှားနေထိုင်ရတဲ့အခါ အိမ်ငှားခ၊ စားစရိတ်နဲ့ နေ့စဉ်အသုံးစရိတ်တွေအတွက် အလုပ်ရှာဖို့ လိုလာခဲ့တာပါ။
အဲဒီအချိန်မှာ မသူဇာက ရရာအလုပ်ကို လုပ်ခဲ့ပါတယ်။ ပန်းရန်အလုပ်၊ ကျောက်သွေးလောင်းတဲ့ အလုပ်လိုမျိုး မိန်းမတစ်ယောက်အတွက် ကြမ်းတမ်းတဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ရတာပါ။
“ရောက်ခါစ ပထမတစ်နှစ်၊ နှစ်နှစ်လောက်က ဒီမှာရှိတဲ့ အလုပ်၊ ပန်းရန်တို့၊ ကျောက်သွေးလောင်းတာတို့ဆိုရင် မိန်းကလေး တစ်ပတ် သုံးခါလောက် ခေါ်တယ်။ အဲဒါမျိုးတွေ ဆင်းဖြစ်ခဲ့တာ” လို့ မသူဇာက အဲဒီအချိန်တွေကို ပြန်ပြောပြပါတယ်။
ဒီလိုနဲ့ အလုပ်လုပ်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေပေမဲ့ နောက်ပိုင်းမှာ နယ်စပ်ဘက်ကို စစ်ဘေးရှောင်တွေ ပိုများလာတဲ့အခါ အလုပ်အကိုင်တွေကလည်း ပိုရှားလာပါတယ်။ ရှိတဲ့ အလုပ်က နည်းလာသလို အလုပ်လုပ်ချင်တဲ့သူက ပိုများလာတဲ့ အခြေအနေ ဖြစ်လာတာပါ။
အဲဒီအချိန်မှာ မသူဇာက ကိုယ်တိုင် တတ်ထားတဲ့ စက်ချုပ်ပညာကို ပြန်အသုံးချဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတုန်းက သင်ယူထားတဲ့ အတတ်ပညာကို မပျောက်အောင် ပြန်လည် အသုံးချရင်း မြန်မာစကား ပြောတတ်တဲ့ ဒေသခံ စက်ချုပ်ဆိုင်တွေမှာ ဝင်လုပ်ခဲ့ပါတယ်။
အလုပ်လုပ်ရင်းနဲ့ ဒေသခံတွေ ကြိုက်နှစ်သက်တဲ့ အထည်ဒီဇိုင်းတွေ၊ ချုပ်ပုံချုပ်နည်းတွေကိုလည်း လေ့လာခဲ့ပါတယ်။ ကိုယ့်လက်ရာအပေါ် ယုံကြည်မှုရှိလာတဲ့အခါ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကိုယ်ပိုင် စက်ချုပ်စက်ကို နယ်စပ်အထိ အရောက် မှာယူခဲ့တာပါ။
စက်ချုပ်စက် ရောက်လာပြီးတဲ့နောက် မသူဇာရဲ့ အလုပ်က တစ်မျိုး ပြောင်းလာပါတယ်။ ကိုယ်တိုင် အထည် လက်ခံချုပ်လုပ်ပြီး ဝင်ငွေရှာရင်းနဲ့ အဲဒီပညာကို ကိုယ်တစ်ယောက်တည်း မသိမ်းထားတော့ဘဲ မိမိလိုပဲ အခက်အခဲ ကြုံနေရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေကိုပါ ပြန်သင်ပေးခဲ့တာပါ။
အစပိုင်းမှာ သင်တန်းသူတွေ အများကြီး မရှိခဲ့ပါဘူး။ အလုပ်လုပ်ခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ကျဉ်းမြောင်းနေတဲ့အတွက် စိတ်ဝင်စားသူ အနည်းငယ်နဲ့ပဲ စခဲ့ရတာ ဖြစ်ပါတယ်။
စက်ချုပ်ပညာ သင်ယူရတာကလည်း ထင်သလောက် မလွယ်ပါဘူး။ တချို့က သင်တန်း စတက်တုန်းက အသက်မွေးဝမ်းကျောင်းအတွက် သင်ယူချင်ပေမဲ့ လက်တွေ့ သင်ယူတဲ့အခါ အခက်အခဲကြောင့် လက်လျှော့သွားကြပါတယ်။
“တချို့က မတတ်ခင်တုန်းကတော့ အသက်မွေးဝမ်းကျောင်းအဖြစ် လာသင်ကြပေမဲ့ တကယ်သင်တဲ့အခါ လက်လျှော့သွားတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ တချို့ကျတော့ ဘယ်လိုပဲ အခက်အခဲရှိရှိ စိတ်ဝင်တစားနဲ့ ကြိုးစားပြီး တတ်မြောက်သွားတဲ့အခါ ကိုယ်လည်း ပီတိဖြစ်ရတယ်” လို့ မသူဇာက ပြောပြပါတယ်။
အဲဒီလို ကြိုးစားပြီး တတ်မြောက်လာတဲ့သူတွေထဲမှာ မစုစုလည်း ပါပါတယ်။ အရင်က စစ်ဘေးရှောင်စခန်းထဲမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ စိတ်ဓာတ်ကျနေခဲ့တဲ့ မစုစုဟာ မသူဇာဆီမှာ စက်ချုပ်ပညာ သင်ယူပြီးတဲ့နောက် ကိုယ့်ဘဝကိုယ် ပြန်စဖို့ အခွင့်အရေးတစ်ခု ရလာခဲ့တာပါ။
“အရင်တုန်းကဆို စစ်ရှောင်စခန်းထဲမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ စိတ်ဓာတ်တွေ ကျနေခဲ့တာပါ။ မသူဇာဆီမှာ စက်ချုပ်သင်ပြီးသွားတဲ့အခါ အတတ်ပညာတစ်ခု ရသွားရုံတင်မကဘူး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ ပြန်ရလာခဲ့တယ်” လို့ မစုစုက ပြောပြပါတယ်။
အခုတော့ မစုစုက စစ်ဘေးရှောင်စခန်းထဲမှာပဲ ကိုယ်တိုင် ချုပ်လုပ်ထားတဲ့ အထည်လေးတွေကို စတင် ရောင်းချနေပါပြီ။ အရင်က ဘာလုပ်ရမှန်းမသိဘဲ နေခဲ့ရတဲ့ ဘဝကနေ ကိုယ်တိုင် အလုပ်တစ်ခုလုပ်ပြီး ဝင်ငွေရှာနိုင်တဲ့ အခြေအနေဆီ တဖြည်းဖြည်း ရောက်လာတာ ဖြစ်ပါတယ်။
မသူဇာအတွက်လည်း စက်ချုပ်ပညာကို ပြန်အသုံးချနိုင်တာက ကိုယ့်ဝမ်းစာအတွက် အလုပ်တစ်ခု ရလာတာထက် ပိုပါတယ်။ ကိုယ်တိုင် အခက်အခဲတွေကြားမှာ ဖြတ်သန်းလာခဲ့ရတဲ့အတွက် ဘဝတူ အမျိုးသမီးတွေ အလုပ်အကိုင်တစ်ခု ရှိလာဖို့၊ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ကိုလည်း လိုလားခဲ့တာပါ။
စစ်ဘေးရှောင်ဘဝမှာ နေရာသစ်တစ်ခုဆီ ပြောင်းရွှေ့ရုံနဲ့ အခက်အခဲတွေက ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ စားဝတ်နေရေး၊ အိမ်ငှားခ၊ အလုပ်အကိုင်နဲ့ မနက်ဖြန်အတွက် ဘာလုပ်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေက ဆက်ရှိနေပါသေးတယ်။
CJ 004
