တီမော သမ္မတရဲ့ ဖိတ်ကြားချက်အရ NUG မြန်မာ အားကစားအဖွဲ့ ဒီလီ မာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်၊ အမျိုးသား ၄၀-၄၉ နှစ်တန်းမှာ ပထမဆု ရရှိ
တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ (H.E. Dr José Ramos-Horta) ရဲ့ တရားဝင် ဖိတ်ကြားချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ အားကစားသမား ကိုယ်စားလှယ်အဖွဲ့ကို ဒီလီ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲဆီ စေလွှတ် ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့ကြောင်း ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ NUG က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက် (၈ လေးလုံး အရေးတော်ပုံ ၃၈ နှစ်ပြည့်နေ့) မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ဒီလီ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမှာ NUG ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမား ၃ ဦး (အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး) ပါဝင်ပြီး ၂၁ဒသမ၁ ကီလိုမီတာ (Half Marathon) အကွာအဝေးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲအတွင်းမှာ အမျိုးသား အပြေးသမား ကိုအာသာ (Arthur) ဟာ ၁ နာရီ ၄၅ မိနစ် ၅၃ စက္ကန့်နဲ့ ပန်းဝင်ကာ အသက် ၄၀-၄၉ နှစ် အမျိုးသား အုပ်စုမှာ ပထမနေရာ (ရွှေတံဆိပ်) ရရှိခဲ့တာပါ။ အမျိုးသမီး အပြေးသမား ၂ ဦးကလည်း ၁ နာရီ ၅၉ မိနစ် ၃၀ စက္ကန့်နဲ့ ၂ နာရီ ၂၉ မိနစ် ၄၅ စက္ကန့်တို့နဲ့ အသီးသီး ပန်းဝင်ခဲ့ကြပြီး အမျိုးသမီးတန်း Overall အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၅ နဲ့ အဆင့် ၃၉ တို့ အသီးသီး ရရှိခဲ့ကြပါတယ်။
ပြိုင်ပွဲအပြီး ဩဂုတ်လ ၉ ရက် မနက်ပိုင်းမှာ တီမော သမ္မတ ဒေါက်တာ ဂျိုဆေရာမို့စ်-အော်တာ က မြန်မာ အားကစားသမား ၃ ဦးနဲ့ NUG မြန်မာနိုင်ငံ မစ်ရှင်ရုံး ဒုတိယ အကြီးအကဲတို့ကို သူ့ရဲ့ နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံမှုအတွင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဖိတ်ကြားပေးမှုနဲ့ မြန်မာ ပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်ပေးမှုအတွက် တီမော သမ္မတဆီ ကျေးဇူးတင်စကား ပြောကြားခဲ့သလို သမ္မတကလည်း သူ့ရဲ့ တော်လှန်ရေး အတွေ့အကြုံတွေနဲ့ နွေဦးတော်လှန်ရေးအပေါ် အမြင်တွေကို ရင်းနှီးပွင့်လင်းစွာ မျှဝေ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ဓာတ်ပုံ – NUG
