တစ်နိုင်ငံလုံး မိုးကြီးနိုင်ပြီး မြို့ ၇ မြို့မှာ ရေဘေးသတိပေးချက် မိုးဇလ ထုတ်ပြန်

Published on Aug 11, 2026

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ဒီကနေ့ကစလို့ လာမယ့် ဩဂုတ်လ ၁၄ ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးကြီးနိုင်တဲ့အပြင် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်၊ မြစ်ငယ်နဲ့ မုံရွာမြို့တို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် ဘေးလွတ်ရာဆီ ရှောင်ရှားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဩဂုတ် ၁၁ ရက် မနက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

 

ဩဂုတ် ၁၁ ရက်ကနေ ၁၄ ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော် အပါအဝင် ကချင်ပြည်၊ ကယားပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာလည်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

 

တစ်ပြိုင်နက်တည်းမှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီခွဲခန့်က မြစ်ရေ တိုင်းထွာချက်တွေအရတော့ ဧရာဝတီမြစ်ရေဟာ မြင်းမူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁၅ စင်တီမီတာခန့် ထပ်မံ မြင့်တက်လာနိုင်သလို ပခုက္ကူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၃၄ စင်တီမီတာ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂၀ စင်တီမီတာခန့် မြင့်တက်လာနိုင်တယ်လို့ ဆိုထားတာပါ။

 

ဒါ့အပြင် ညောင်ဦးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅၁ စင်တီမီတာ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂၀ စင်တီမီတာခန့် ဆက်လက် မြင့်တက်နိုင်ပါသေးတယ်။

 

အလားတူ သံလွင်မြစ်ရေဟာလည်း ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၈၀ စင်တီမီတာ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁၀ စင်တီမီတာခန့် ထပ်မံ မြင့်တက်နိုင်ကြောင်း သိရပါတယ်။

 

အခြားမြစ်ရေတွေ အခြေအနေအရ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၁၆ စင်တီမီတာအထိ မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း ၂၀ စင်တီမီတာခန့် ပြန်လည် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေနိုင်တယ်လို့ သိရကာ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၈ စင်တီမီတာ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၅ စင်တီမီတာခန့် ကျဆင်းလာနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

 

ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၈ စင်တီမီတာ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ဆီ ပြန်လည် ကျဆင်းသွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒီလို အခြေအနေတွေကြောင့် မုံရွာမြို့နယ် အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူး သတိပြုကြဖို့နဲ့ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နဲ့ မြစ်ငယ်မြို့နယ်တွေ အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာ သင့်တော်တဲ့ နေရာတွေဆီ အမြန်ဆုံး ကြိုတင် ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

 

ဓာတ်ပုံ – ဆရာနောင် 

ပုံစာ – အညာဒေသတွင် ရေကြီးနစ်မြုပ်နေသော ကျေးရွာများအား တော်လှန်ရေးအင်အားစုများက ကူညီပေးနေပုံ