အာရက္ခ ပညာရေးစနစ်မှာ ဆရာ၊ ဆရာမ မလုံလောက်မှုကြောင့် ကျောင်းသားတွေ သင်ကြားရေး အခက်အခဲနဲ့ ရင်ဆိုင်နေရ
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က ဦးစီး စီမံနေတဲ့ အာရက္ခ ပညာရေးစနစ်မှာ ဆရာ၊ ဆရာမ အင်အား မလုံလောက်မှုကြောင့် ကျောင်းသားတွေရဲ့ သင်ကြားရေးပိုင်းမှာ အခက်အခဲတွေ ရှိနေကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။
ရပ်ကွက်နဲ့ ကျေးရွာအလိုက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ အတန်းအလိုက် သင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမ မလုံလောက်တဲ့ အခြေအနေတွေ ရှိနေပြီး အချို့ကျောင်းတွေမှာ ဆရာတစ်ဦးတည်းနဲ့ ကျောင်းတစ်ကျောင်းလုံးကို သင်ကြားပေးနေရတဲ့ အခြေအနေတွေပင် ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်က တာဝန်ကျ ဆရာမတစ်ဦးက ပြောပြပါတယ်။
“ဆရာ၊ ဆရာမ မလုံလောက်တဲ့ အခြေအနေက ဆိုးတယ်လို့တော့ ပြောရမှာပေါ့။ တစ်ဘာသာမှာ တစ်ယောက်ထားလိုက်ဦးတော့ တစ်တန်းမှာ တစ်ယောက်တောင် မထားပေးနိုင်ဘူး။ တချို့ကျောင်းတွေဆို တစ်ကျောင်းလုံးမှာ ဆရာတစ်ယောက်ပဲရှိတာတွေတောင် ရှိတယ်။ ကျန်တာကို ရွာက စေတနာ့ဝန်ထမ်းတွေ ခေါ်ပြီး သင်ကြားပေးရတာပဲ။ ဒါက ကလေးတွေရဲ့ ပညာသင်ယူမှုအပိုင်းမှာ အခက်အခဲ ဖြစ်စေတာပေါ့” လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် အတွင်းရှိ အထက်ကျွဲကြိုမော်အုပ်စု၊ ကာဒီရွာ၊ စေတောင်အုပ်စု၊ ဦးလှဖေကျေးရွာအုပ်စု၊ သရက်ပြင်ကျေးရွာအုပ်စု၊ သေကံခွဆုံကျေးရွာအုပ်စု၊ အတွင်းငှက်သေရွာနဲ့ ဒါပိုင်းဆရာအုပ်စုတို့ရှိ အချို့ကျေးရွာတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဆရာ၊ ဆရာမ အင်အား မလုံလောက်မှုကြောင့် စေတနာ့ဝန်ထမ်းတွေကို ခေါ်ယူကာ စာသင်ကြားပေးနေရတဲ့ အခြေအနေမှာ ဘူးသီးတောင်၊ မြောက်ဦးနဲ့ အခြားမြို့နယ်တွေရှိ ကျေးရွာ အများအပြားမှာလည်း ဖြစ်ပေါ်နေကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။
အာရက္ခ ပညာရေးစနစ်မှာ စေတနာ့ဝန်ထမ်းတွေအပေါ် ပိုမို အားထားလာရခြင်းဟာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေနဲ့လည်း ဆက်စပ်နေကြောင်း မြောက်ဦးမြို့နယ်က ကျောင်းဆရာတစ်ဦးက ပြောပြပါတယ်။
“လစာက အဆင်ပြေတဲ့သူတွေလည်းရှိသလို မပြေတဲ့သူတွေလည်းရှိတယ်။ လစာစနစ်က ကျောင်းသားအရေအတွက်ပေါ်မှာပဲ မူတည်နေတာဆိုတော့ ကျောင်းသားများရင် လခက ပိုရတာပေါ့။ ဒါပေမဲ့ လခနည်းနည်းပဲရတဲ့သူတွေက ပိုများတယ်။ နယ်ဝေးရင် ပိုဆိုးတယ်။ သွားလာစရိတ်နဲ့ဆို ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် ဆရာတွေက ကျောင်းမလာဘဲ တခြားအလုပ် ပြောင်းလုပ်နေကြရတာများတယ်။ အဲဒါကြောင့် ပညာရေးဝန်ထမ်းတွေက နည်းသထက်နည်းလာပြီး ရွာက စေတနာ့ဝန်ထမ်းတွေကိုပဲ အားကိုးလာရတာ” လို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်သက်ရင့် ဆရာ၊ ဆရာမတွေအနေနဲ့ သူတို့ရဲ့ ပညာအရည်အချင်းနဲ့ လုပ်သက်နဲ့ ကိုက်ညီတဲ့ ရာထူးနဲ့ အခွင့်အရေးတွေ မရရှိတာကြောင့်လည်း အလုပ်ကနေ နုတ်ထွက်မှုတွေ ရှိလာကြောင်း အာရက္ခ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“တချို့ကဏ္ဍတွေက ပြောရတော့ခက်တယ်။ တပ်ဖက်ဆိုင်ရာက ဆင်းလာရင် ရာထူးပိုကြီးတာတွေ၊ ဒီဖက်က လုပ်သက်ရင့် ဆရာ၊ ဆရာမတွေက သူတို့ထက် ရာထူးငယ်ပဲ ရတာတွေကြောင့် အဆင်မပြေကြဘူး။ ဒါကြောင့် လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် မလုပ်ကြတာများတယ်။ ပြီးတော့ နှုတ်ထွက်တာတွေလည်း ရှိလာတယ်” လို့ အာရက္ခ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဆရာ၊ ဆရာမ အင်အား လျော့နည်းလာတာနဲ့ လုပ်သက်ရင့် ဆရာ၊ ဆရာမတွေ အလုပ်ကနေ နုတ်ထွက်လာတာတွေကြောင့် ကျောင်းသားတွေရဲ့ သင်ကြားရေး အရည်အသွေးအပေါ် ရေရှည်မှာ သက်ရောက်မှု ရှိလာနိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
“စာသင်ပြဖို့ သေချာသင်တန်းယူထားတဲ့ ဆရာတွေ သင်ပြတာနဲ့ စေတနာ့ဝန်ထမ်းတွေ သင်ပြတာက ဘယ်လိုပဲနေနေ ကွာမှာပဲ။ စာသင်တာပဲ၊ စာတတ်ရင် လူတိုင်းသင်တတ်တယ်ဆိုပေမယ့် သင်နည်းဆိုတာရှိတယ်လေ။ တကယ်လို့ ဒီပုံစံအတိုင်းပဲဆိုရင် စေတနာ့ဝန်ထမ်းတွေပဲ အားကိုးလာရပြီး ဆရာ၊ ဆရာမတွေပိုနည်းလာနိုင်တော့ ကလေးတွေရဲ့ ပညာရေးပိုင်းက ပိုထိခိုက်လာနိုင်တယ်” လို့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်တစ်ဦးဖြစ်ပြီး ပညာရေးဘွဲ့ (B.Ed) ရရှိထားတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဒေသတွင်းရှိ ပညာရေးဝန်ထမ်းတွေကို အသုံးပြုပြီး အာရက္ခ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ခလစာ နည်းပါးမှု၊ အခွင့်အရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေအပြင် လုပ်သက်ရင့် ဆရာ၊ ဆရာမတွေအတွက် ရာထူးနဲ့ တာဝန်ပေးအပ်မှုဆိုင်ရာ အခက်အခဲတွေကြောင့် ပညာရေးဝန်ထမ်း အင်အား မလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ 011
