နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ရေဘေးနဲ့ ကြုံနေရတဲ့ အညာဒေသအတွက် အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေ
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဆည်ရေတွေ ရုတ်တရက် ဖောက်ထုတ်မှုတွေကြောင့် မြို့နယ် ၁၅ ခုမှာ လူဦးရေ ၄ သိန်းကျော် ရေဘေးသင့်နေပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၆ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦးအထိ ရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ သဖန်းဆိပ်ဆည်ကို စစ်အုပ်စုက ဩဂုတ်လ ၅ ရက်မှာ ရုတ်တရက် ရေဖောက်ချခဲ့တာကြောင့် မူးမြစ်အထက်ပိုင်း အပါအဝင် အောက်ပိုင်းရှိ မြို့ရွာ ၂၀၀ နီးပါး ရေကြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၉ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၂၂၃,၇၆၁ ဦး၊ မန္တလေးတိုင်းမှာ ၁၅၀,၃၀၀ ဦး၊ မကွေးတိုင်းမှာ ၅၈၆ ဦးနဲ့ ဧရာဝတီတိုင်းမှာ ၄၀,၁၉၆ ဦးခန့် ရေဘေးသင့်ခဲ့ပြီး အိမ်ထောင်စု စုစုပေါင်း ၉၆,၆၀၀ ကျော် ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
“အရင်က ရေကြီးမယ်၊ ရေတက်မယ်ဆို သဖန်းဆိပ်ဆည်က ရေဘယ်လောက်လွှတ်မယ်ဆိုတာမျိုး သတင်းအချက်အလက် ရတယ်။ ခုက ဘာမှ ကြေညာတာ မကြားရဘဲ ရုတ်တရက်ဆိုတော့ ဘာမှ ပြင်ဆင်ထားတာ မရှိဘူး။ ခုက နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် ခုလို ထပ်ပြီး ကြောက်စရာကောင်းအောင် ရေကြီးတာ” လို့ ရေဘေးကြုံတွေ့နေရတဲ့ စစ်ကိုင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခင် ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်က ခုလို မိုးရွာသွန်းမှုတွေနဲ့ ဆည်ရေကြောင့် မူးမြစ်ရေတက်ကာ ရေကြီးမှုတွေ ကြုံတွေ့ရပြီးနောက် ခုလို ဆိုးဝါးတဲ့ ရေဝင်ရောက်မှုမျိုး မကြုံတွေ့ခဲ့ရကြောင်း ရှင်းပြပါတယ်။
သဖန်းဆိပ်ဆည်နဲ့ ကင်းတပ်ဆည်တို့ကနေ ရေတွေ အလွန်အမင်း စီးဝင်လာမှုကြောင့် အောက်ဘက်ရှိ ကာဘိုးဆည်ပါ ရေမထိန်းနိုင်တော့ဘဲ ဖောက်ချခဲ့ရကာ မူးမြစ်ကူးတံတားတွေ၊ တူးမြောင်းဘောင်တွေနဲ့ ကန်ဘောင်တွေပါ ကျိုးကျ ပျက်စီးခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်းက ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်နဲ့ အရာတော် မြို့နယ်တွေထဲမှာ မူးမြစ်ရေ အရှိန်အဟုန်နဲ့ တိုးလာနေပြီး ခင်ဦးမြို့နယ်မှာ ကျွန်းတောကြီးရွာက အမျိုးသမီးတစ်ဦး၊ ဒီပဲယင်းမြို့နယ် ကြူတောရွာက အမျိုးသမီးတစ်ဦးနဲ့ ရွှေဘိုမြို့နယ်က ပြည်သူနှစ်ဦး အပါအဝင် မူးမြစ်ရိုး တစ်လျှောက် ရေဘေးကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ နေအိမ်တွေ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခံရခြင်းအပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းတို့ကြောင့် သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ကျန်းမာရေး ထိခိုက်ကာ ဖျားနာမှုတွေလည်း ကြုံတွေ့နေရတာပါ။ ဒါ့အပြင် အညာဒေသ မူးမြစ်ရိုး တစ်လျှောက်ဟာ မြွေပွေး ပေါများတဲ့ ဒေသဖြစ်တာကြောင့် ရေတက်ချိန်မှာ မြွေအန္တရာယ်ကိုလည်း သတိပြုနေကြရတယ်လို့ သိရပါတယ်။
“ကျွန်ုပ်တို့အနေနဲ့တော့ ရေဘေးသင့် ဧရိယာတွေမှာ အနီးကပ် ဒေသခံ အစုအဖွဲ့တွေနဲ့အတူ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက်ကတော့ အရေးပေါ် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေ၊ အမျိုးသမီး အသုံးအဆောင်နဲ့ မိုးကာ၊ ခြင်ထောင်တွေ အရေးပေါ် လိုအပ်နေပါတယ်” လို့ မြေပြင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပြပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး မီးရှို့မှုအပြင် လေကြောင်း တိုက်ခိုက်မှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတဲ့ အညာဒေသမှာ အခုလို ရေဘေးဒုက္ခ ထပ်မံ ကြုံတွေ့နေရတာကြောင့် အဓိကအားဖြင့် သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစနဲ့ ယာယီ ခိုလှုံရာနေရာတွေကို ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဝိုင်းဝန်း တောင်းဆိုထားကြပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အရာတော်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေပုံ
