ကျောင်းထိုင်ဆရာတော် ရွေးချယ်မှု အငြင်းပွားရာကနေ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ဘုန်းကြီးကျောင်းကို မီးရှို့

Author CJ Platform
Categories
Published on Jul 30, 2026

ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ကျောင်းထိုင်ဆရာတော် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွား သဘောထားကွဲလွဲရာကနေ အသစ်ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး နဲ့ အပေါင်းပါတွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ညောင်ကုန်းကျေးရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် အသစ်တင်မြှောက်မယ့် ကျောင်းထိုင်ဆရာတော်နဲ့ ပတ်သက်ပြီး ဒေသခံတွေအကြား သဘောထား ကွဲလွဲခဲ့ကြတာ ဖြစ်ပါတယ်။

 

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဂေါပကအဖွဲ့က လက်ရှိကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော်ကို ကျောင်းထိုင်အဖြစ် တင်မြှောက်ခဲ့ပေမဲ့ မူလကျောင်းဒကာနဲ့ အိမ်ထောင်စု ၃၀ ကျော်ကတော့ နမ္မားမြို့မှာ သီတင်းသုံးနေတဲ့ လက်ရှိကျောင်းထိုင်ရဲ့ ဆရာတော်စပ်သူ ဓမ္မာစရိယ အောင်မြင်ပြီး စာပေတတ်မြောက်တဲ့ ဆရာတော်ကိုသာ ပင့်ဆောင်ကျောင်းထိုင်စေလိုခဲ့ကြတာ ဖြစ်ပါတယ်။

 

“သူတို့က စာတတ်ပေတတ် ကိုယ်တော်ကို ကျောင်းထိုင်တင်ချင်တာ။ ခုတင်ထားတာက တရားဟောမတတ်ဘူး ဘာညာဆိုပြီး ဖြစ်ခဲ့တာ။ အဲဒါကြောင့် ကျောင်းခွဲလိုက်တာ။ ဘုန်းကြီးကလည်း ဒီမှာ အမြဲမနေပါဘူး၊ သာရေးနာရေး တရားဟောမှပဲ လာတာကို သူတို့က မကြိုက်ကြတာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီလို သဘောထား ကွဲလွဲမှုကြောင့် နမ္မားမြို့က ဆရာတော်ကို ပင့်ဆောင်လိုတဲ့ မိသားစုတွေကို အုပ်ချုပ်ရေးမှူး ဦးကျော်စိုး နဲ့ အဖွဲ့က ရပ်ရေးရွာရေးနဲ့ သာရေးနာရေး ကိစ္စတွေမှာ ဖယ်ကြဉ်ထားခဲ့တာကြောင့် မူလကျောင်းအလှူရှင်က ဦးစီးပြီး မြေကွက်ဝယ်ယူကာ သီးခြား ဘုန်းကြီးကျောင်းဆောင်အသစ် ဆောက်လုပ်လှူဒန်းခဲ့ကြပါတယ်။

 

အဆိုပါ ကျောင်းဆောင်အသစ် ဆောက်လုပ်စဉ် ၂၀၂၅ ခုနှစ်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က PDF ဘုန်းကြီးကျောင်း ဆောက်လုပ်နေတာ ဖြစ်တယ်လို့ ဆိုကာ စစ်အုပ်စုထံ တိုင်တန်းခဲ့တာကြောင့် စစ်အုပ်စုက လာရောက်စစ်ဆေးတာတွေ ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီနောက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က ဖယ်ကြဉ်ခံထားရတဲ့ မိသားစုတစ်စုရဲ့ နာရေး သရဏဂုံတင်၊ တရားဟော၊ ရေစက်ချဖို့အတွက် နမ္မားမြို့က ဆရာတော်ကို ပင့်ဆောင်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး နဲ့ အပေါင်းပါတွေက တုတ်၊ ဓားတွေ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး တရားပွဲကို နှောင့်ယှက် တားဆီးခဲ့ကြောင်း သိရပါတယ်။

 

“အုပ်ကြီးတို့ အဖွဲ့က လက်မခံဘူး။ နာရေးတရားဟော ရေစက်ချဖို့ သွားပင့်တာကို အုပ်ကြီးတို့အဖွဲ့က ဓားတွေနဲ့ ကျောင်းကို လာဝိုင်းကြတာ။ ဘုန်းကြီးလည်း ညတွင်းချင်း ပြန်ကြွသွားရတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဆိုပါ ရွာသားတွေ နာရေးလိုက်ပါ ပို့ဆောင်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ အဖွဲ့က အသစ်ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းကို ရိုက်ဖျက် မီးရှို့ခဲ့ကြတာဖြစ်ပြီး ဘုရားဆင်းတုတော်တွေကိုလည်း လမ်းဘေးဆီ စွန့်ပစ်ခဲ့ကြကြောင်း ဒေသခံတွေရဲ့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

 

မီးရှို့ဖျက်ဆီးမှုမှာ ဦးဆောင်တဲ့ အသက် ၅၆ နှစ်ခန့်အရွယ် ဦးကျော်စိုး ဟာ ပြည်သူ့အစိုးရလက်ထက် ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုနဲ့ ပူးပေါင်းကာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်