ညောင်တုန်းမှာ ရေကြီးလို့ လျှပ်စစ်ခွဲရုံ ရေဝင်ပြီး တစ်မြို့လုံး မီးပြတ်နေ

Author CJ Platform
Categories
Published on Jul 30, 2026

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဇူလိုင် ၂၈ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လျှပ်စစ်ဓာတ်အားပေးခွဲရုံအတွင်း ရေဝင်နစ်မြုပ်ခဲ့ပြီး လုံခြုံရေးအရ ဓာတ်အား ယာယီပိတ်ထားရတာကြောင့် မြို့နယ်တစ်ဝန်း မီးပြတ်နေတယ်လို့ သိရပါတယ်။

 

ဒေသခံတွေရဲ့ ပြောကြားချက်အရ ညောင်တုန်းမြို့မှာ ရေမြောင်းစနစ် မကောင်းတာကြောင့် နှစ်တိုင်း မိုးကြီးရင် အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ မြို့ပြင်ဘက်မှာရှိတဲ့ လျှပ်စစ်ခွဲရုံအထိ ကွင်းရေတွေ တက်ရောက်လာပြီး ရေမြုပ်သွားတာကြောင့် မီးဖြတ်ထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“မြို့ထိပ် မြို့ပြင်မှာ တာရဲ့ တစ်ဖက်ခြမ်းမှာ ခွဲရုံရှိတာ။ လယ်ကွင်းထဲက ရေတွေက ခွဲရုံကို ရေမြုပ်တာပါ။ လျှပ်စစ်ဖြစ်တော့ shut down ချထားလိုက်တော့ မီးပျက်သွားတာ။ အင်္ဂါနေ့ညကတည်းက မီးပျက်နေတာ အခုထိ ပြန်မလာသေးဘူး။ ဖုန်းအင်တာနက်လိုင်းတွေလည်း အားကျသွားတယ်။ ညဘက်ဆို မီးမရှိတော့ အခက်အခဲများတယ်။ ဆိုလာရှိတဲ့ အိမ်တွေကတော့ အဆင်ပြေပေမဲ့ အခြေခံလူတန်းစားတွေကတော့ ပိုပြီး ဒုက္ခရောက်နေကြတယ်။ ရေကြီးလို့ ခွဲရုံရေဝင်ပြီး မီးပျက်တာကတော့ ဒါ ပထမဆုံးအကြိမ်ပါ” လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ ခွဲရုံ ရေဝင်နေဆဲဖြစ်တာကြောင့် ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့အထိ လုံခြုံရေးအရ ဓာတ်အားကို ဆက်လက်ပိတ်ထားရပြီး မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာ ၈၃ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

 

“လက်ရှိ အန္တရာယ်ကင်းဖို့အတွက်ကို shut down ချထားရတာ ဖြစ်တယ်။ အဓိကကတော့ ကွင်းရေတက်တော့ ရေမြုပ်တယ်။ ရေမြုပ်သွားပြီးတော့ ဒူးနားလောက်ထိကို ရေမြုပ်နေပြီး ရေနဲ့ လျှပ်စစ်က အန္တရာယ်ရှိတော့ မီးဖြတ်ထားရတာ။ ကွင်းရေကျဖို့အတွက် ရေစီးဆင်းတဲ့နေရာမှာ ငါးဖမ်းတဲ့ မြှုံးပိုက်တွေကို ဖယ်ရှင်းဖို့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတာ ရှိပါတယ်” လို့ လျှပ်စစ်ဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာတော့ လျှပ်စစ်ဌာနအနေနဲ့ မိုးရပ်ပြီး ရေပြန်ကျကာ လုံခြုံမှုသေချာတဲ့ အချိန်မှသာ ဓာတ်အား ပြန်လည်ပေးနိုင်မှာဖြစ်ပြီး ကွင်းရေ အမြန်ကျဆင်းဖို့လည်း ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်