ခင်ဦးမြို့ပေါ်ရှိ စစ်အုပ်စု အထိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ အောက်ထပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ပကဖ တပ်စိပ်မှူး ၁ ဦး ကျဆုံး

Author CJ Platform
Categories
Published on Jul 25, 2026

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ စစ်အုပ်စုတပ်သား၊ ရဲတွေနဲ့ ပျူစောထီးတပ်သားတွေ အထိုင်ချထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဘေးရှိ နေရာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုလက်အောက်ခံတပ်သားတချို့ကို အရှင်ဖမ်းဆီးရမိမှုရှိခဲ့သလို တော်လှန်ရေးဘက်မှ တပ်စိပ်မှူးတစ်ဦး ကျဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

မနေ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်ဘေးရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အင်အား ၂၀ ကျော် အထိုင်ချတပ်စွဲထားတဲ့ နှစ်ထပ်ခွဲ RC တိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“အဓိက အဲဒီတိုက်ပေါ့၊ အပေါ်ထပ် မရလိုက်ဘူး။ အပေါ်ကလည်း ဘန်ကာတွေ ကောင်းတာဆိုတော့လေ။ စစ်သားတွေက ၂ ထပ်ကိုမှ အပေါ်က ထပ်ခိုးပုံစံမှာ ဝပ်နေတာ။ အောက်ထပ် အကုန်ပိုင်တယ်။ အပေါ်ထပ်မှာ ၁ ယောက်လား၊ ၂ ယောက်လား ကျန်ခဲ့တာ” လို့ မြေပြင်ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး စစ်အုပ်စုလက်အောက်ခံတပ်သားတွေနဲ့ ပျူစောထီးတွေအပြင် မိသားစုဝင် အမျိုးသမီးတွေကိုလည်း ဖမ်းဆီးရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

“ကျနော်တို့ကတော့ ဖြတ်တောက်ရေးဘက်က၊ ရှေ့တန်းကတော့ ပကဖနဲ့တပ်ရင်းပေါ့။ ခွေးဘက်က ကျဆုံးရှိတယ်ဆိုပေမယ့် သူတို့က ပျူနဲ့ရဲကများတယ်၊ ခုက ပွဲတစ်ခုခုရှိလို့နေမှာ၊ အရင်က မိန်းကလေးတွေမမြင်ဘူး၊ ခုက ပွဲတစ်ခုခုရှိလို့နေမှာ” လို့ အခြားနောက်တန်းရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားစဉ် မြို့ပြ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က စစ်အုပ်စုရဲ့ စစ်ကူတွေ မလာနိုင်စေရေးအတွက် ဖြတ်တောက်ရေး ဆောင်ရွက်ပေးခဲ့တာတွေ ရှိခဲ့ပြီး စစ်အုပ်စုရဲ့ ရဲစခန်းနဲ့ အထိုင်ချထားသည့် ဆေးရုံဘက်ကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

မြို့ပေါ်တိုက်ခိုက်မှုအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပကဖ တပ်စိပ်မှူး ၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိ ခင်ဦးမြို့ပေါ်က အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ စစ်သုံ့ပန်း ဖမ်းဆီးရမိမှု နောက်ဆက်တွဲ အခြေအနေတွေကို CJ Platform က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။