မင်းအောင်လှိုင်က ဆီလျှော့စားဖို့ ပြောနေချိန် စစ်ကိုင်းမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂ သောင်းထိ စံချိန်တင် မြင့်တက်

Author CJ Platform
Categories
Published on Jul 25, 2026

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာကို ကျပ်နှစ်သောင်း ( ၂၀၀၀၀ ) ဝန်းကျင်ထိဈေးနှုန်မြငိ့် တက်နေပြီး စစ်အုပ်စုရဲ့ အဖမ်းအဆီးတွေနဲ့ ပိတ်ဆို့မှုတွေကြောင့် အချို့ကျေးရွာတွေမှာ စားဆီဝယ်ယူရ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မြို့ပေါ်တွေမှာ အိမ်ထောင်စုစာအုပ်ဖြင့် တစ်လလျှင် စားအုန်းဆီ ၂ ပိဿာနှုန်းကို ကျပ် ၈,၀၀၀ မှ ၉,၀၀၀ ဝန်းကျင်ဖြင့် ခွဲတမ်းစနစ်အတိုင်း တန်းစီဝယ်ယူခွင့် ပေးထားသော်လည်း ပြင်ပဈေးကွက်တွေမှာတော့ ဈေးနှုန်းအဆမတန် မြင့်တက်နေသဖြင့် အခြေခံလူတန်းစားတွေနဲ့ ဈေးရောင်းသူတွေ အခက်တွေ့နေကြပါတယ်။

 

“တစ်ပိဿာ ၁၈,၀၀၀ နဲ့ ဟိုနေ့က ဝယ်ခဲ့တာ။ ခုဆို ၂၀,၀၀၀ ထိလဲ ရောက်ပြီ ၂၀,၀၀၀ မို့ အကြော်သည်တွေတောင် မကြော်နိုင်လို့ ဈေးမရောင်းဘူး ပြောကြတယ်။ ဝယ်ရလည်း ခက်တယ်။ ကားတွေဆို တင်ရခက်တယ်၊ အဖမ်းအဆီးတွေ ရှိနေတော့” လို့ စစ်ကိုင်းမြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကိုင်းမြို့နယ်အတွင်းကို မြို့ပေါ်ဆိုင်တွေကနေ စားအုန်းဆီသယ်ဆောင်ရာမှာ ဆယ်ဝင်ပုံးစတဲ့ ပုံးကြီးတွေနဲ့သယ်ဆောင်ခြင်းတွေသာမက စားသုံးကုန်အမြောက်အမြားနဲ့ ဆန်အိတ်တွေသယ်ဆောင်ရာမှာလည်း စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေက ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးသိမ်းဆည်းတာတွေလည်း ရှိနေပါတယ်၊၊

 

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း ၊ မုံရွာ ၊ အရာတော် စတဲ့မြို့နယ်တွေနဲ့အခြားမြို့နယ်တွေက ကျေးရွာတွေမှာ စားသုံးဆီဝယ်ယူသယ်ဆောင်ရတဲ့ အခက်ခဲတွေကြောင့် စားသုံးဆီ တစ်ပိဿာကို နှစ်သောင်းကျပ်ခန့်ဖြင့် ဝယ်ယူစားသုံးနေရတာကြောင့် အခြေခံလူတန်းစားတွေအတွက် ဝယ်ယူစားသုံးဖို့ အခက်တွေ့ နေကြပါတယ်။

 

စားသုံးသူတွေအတွက် ဝယ်ယူရန်အခက်ခဲတွေရှိနေသော်လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေးမှာ မင်းအောင်လှိုင်က ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီစားသုံးမှု လျှော့ချရန် ညွှန်ကြားခဲ့သလို ၊ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတည်းက နိုင်ငံခြားငွေ အကျပ်အတည်းကြောင့် စားသုံးဆီ တင်သွင်းမှု ပမာဏကို လျှော့ချမှုတွေလည်းရှိခဲ့ပါတယ်။

 

ခုလို စစ်ခေါင်းဆောင်က ဆီလျှော့စားဖို့ ပြောဆိုနေပေမယ့် အမှန်တကယ် မြေပြင်မှာ စစ်အုပ်စုရဲ့ တင်သွင်းမှုလျှော့ချလိုက်ခြင်းတွေ ၊ စစ်ဆေးရေးဂိတ်‌ တွေမှာ ပိတ်ဆို့ဖမ်းဆီးခြင်းတွေကြောင့် ပြည်တွင်းမှာ ဆီပြတ်လပ်မှုတွေနဲ့ ကုန် ဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကို  ကြုံတွေ့နေရပါတယ်။

 

စစ်အုပ်စုရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက လည်းဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေးကို တစ်ပိဿာလျှင် ငွေကျပ် ၇,၂၂၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွေမှာ ၁၈၀၀၀ မှ ၂၀,၀၀၀ အထိ အဆမတန် ဈေးတင်ရောင်းချနေကြတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့