မင်းကင်းမှာ စစ်အုပ်စုကျောင်းတက်နေတဲ့ ကလေးငယ်တွေကို ပြန်မခေါ်ပါက ငွေဒဏ် သိန်း ၂၀ ဒဏ်ရိုက်မယ်လို့ ပသုံးလုံးက ခြိမ်းခြောက်
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ စစ်အုပ်စု ထိန်းချုပ်မှုအောက်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကလေးငယ်တွေကို မိဘတွေအနေနဲ့ ပြန်လည်ခေါ်ယူဖို့နဲ့ စစ်အုပ်စုကျောင်းတွေမှာ မထားဖို့ အာမခံလက်မှတ်ထိုးတာတွေကို ဒေသခံကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပိုမိုတင်းကြပ်လာတယ်လို့ ကျောင်းသားမိဘတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ မင်းကင်းမြို့နယ်၊ ရွာဘ ကျေးရွာက ကျောင်းသားမိဘ ၃၀ ခန့်ကို ကျေးရွာ ပအဖ၊ ပကဖ အဖွဲ့နဲ့ တိုက်နယ် ပကဖအဖွဲ့က ခေါ်ယူတွေ့ဆုံကာ စစ်အုပ်စုကျောင်းတွေမှာ ထားရှိတဲ့ ကလေးငယ်တွေကို ပြန်လည်ခေါ်ဆောင်ဖို့ အာမခံလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ခေါ်ယူရာမှာ သတ်မှတ်ရက်ဖြစ်သည့် အခုလ ဇူလိုင်လကုန်ပိုင်းအထိ မခေါ်ယူပါက ကျပ်ငွေ ၅ သိန်း၊ ဩဂုတ်လအထိ မခေါ်ပါက ငွေကျပ် ၁၀ သိန်းနဲ့ နောက်သုံးလထိ ခေါ်ယူနိုင်ခြင်းမရှိပါက ငွေကျပ် သိန်း ၂၀ အပြင် ကျောင်းသားမိဘတွေကိုပါ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တချို့ရွာတွေကတော့ နောက်နှစ်ကို မထားဖို့ လက်မှတ်ထိုးခိုင်းပြီး ဒီနှစ်ထားခိုင်းတာတွေရှိတယ်၊ ခုက လူလည်း ဖမ်းဦးမှာတဲ့။ ကလေးတွေ ပြန်ခေါ်ခိုင်းတဲ့ ရက်ကျော်ရင် ခေါ်ရင်လည်း ငွေက ပေးရမှာတဲ့။ NUG က ထုတ်ပြန်ထားတာ အထက်အမိန့်လို့ ပြောတာ။ အဲ့တော့ တိုက်နယ်တာဝန်ခံရဲ့ သားသမီးတွေကျ ဘာလို့ စစ်တပ်ကျောင်း ထားလဲ မေးတော့ သူတို့ ခေါင်းဆောင် သားသမီးတွေကျ ဘာမှမဖြစ်ဘူး၊ သူတို့က ပြည်သူအပေါ် အနစ်အနာခံလို့ဆိုပြီး ပြန်ပြောတယ်၊ စကားကို အမျိုးမျိုးပြောတာ” လို့ ဒီအခြေအနေကို ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒေသခံတစ်ဦးရဲ့ ခုလို မေးခွန်းထုတ်မှုကြောင့် လက်နက်တွေနဲ့ ချိန်ရွယ်ဖမ်းဆီးဖို့ ခိုင်းစေတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး သတိပေးမှုနဲ့ပဲ ပြီးဆုံးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ မင်းကင်းမြို့ပေါ်မှာ ကျောင်းသွားထားတဲ့ ကလေးငယ်တွေရဲ့ မိဘတွေဟာ မြို့ပေါ်သို့ သွားရောက်ခေါ်ယူရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနဲ့ နှစ်ဖက် ပိတ်ဆို့မှုတွေကြောင့် အခက်တွေ့နေရကြောင်း သိရပါတယ်။
“အခုက မင်းကင်း ထားတဲ့ကလေးတွေကျ ရွာကလည်း မော်တော် မထွက်ဘူး။ အရင် တစ်ခေါက် သွားခေါ်တုန်းကဆို မြို့ပေါ်က ‘နိုင်ငံရေးက နိုင်ငံရေး၊ ကလေးတွေ ပညာရေးက ပညာရေးပဲ ဘာမှမဆိုင်ဘူး၊ ကလေးတွေ ဘာမှ မဖြစ်စေရဘူး’ ဆိုပြီး အခေါ်မခံဘူး။ ဟိုဘက်ဂိတ်ကလည်း စစ်တပ်က ပိတ်ထားတာ။ ကလေးတွေ သွားခေါ်တာ သိတော့ ခေါ်ခိုင်းတဲ့ အဖွဲ့တွေ လွှတ်လိုက်တာလို့ ပြောပြီး ဒီတိုင်း ပြန်လွှတ်လိုက်တာ။ ကလေးဝတို့၊ ကလေးတို့ ဘက်တော့ မော်တော်ထွက်တယ်၊ သူတို့တွေတော့ ခေါ်ရ မရ မသိသေးဘူး” လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး ခေါ်ယူသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ တိုက်နယ်အဖွဲ့တွေဆီ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး သက်ဆိုင်ရာ NUG ဝန်ကြီးဌာနတွေကိုလည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ ဦးစီးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ ရှိနေပေမဲ့ လက်လှမ်းမီရာကျောင်းတွေမှာ ပညာရေး အရည်အသွေး အားနည်းခြင်း၊ CDM ဆရာ၊ ဆရာမ မဟုတ်ဘဲ အထက်တန်းအောင်တွေကိုသာ သင်ကြားခိုင်းခြင်းအပြင် စစ်ရေးအခြေအနေတွေကြောင့် ရေရှည်ပိတ်ထားခြင်းတို့ကြောင့် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပညာရေး နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်၍ စစ်အုပ်စု ထိန်းချုပ်ရာ မြို့ပေါ်ကျောင်းတွေကို သွားရောက်ထားရှိခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ပထမပတ်နှင့် ဇူလိုင် ၁၂ ရက်နေ့ကလည်း ရွာဘကျေးရွာရှိ ကျောင်းသားမိဘတွေကို ကျေးရွာ ပအဖ၊ ပကဖ အဖွဲ့တွေက ခေါ်ယူကာ ကလေးတွေကို ပြန်လည်ခေါ်ယူဖို့ အလားတူ သတိပေး ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအကြား သဘောထားကွဲလွဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
