ကလေးနဲ့ မန္တလေးမှာ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မန္တလေးတိုင်းတို့မှာ ငွေကျပ် ၂ ဒသမ ၉၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော်ကို စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ပါဝင်ပတ်သက်သူ ၇ ဦးကို ဖမ်းဆီးထားကြောင်း စစ်အုပ်စု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC MYANMAR) က မနေ့က ဇူလိုင် ၂၃ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲက ကလေးမြို့အဝင်မှာ ကိုအောင်အောင်ထွန်း (ခ) အောင်ကြီး မောင်းနှင်လာတဲ့ SURF အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာမှ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သိန်းကို စတင်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူရဲ့ ဖော်ထုတ်ချက်အရ ဇူလိုင် ၁၄ ရက်နေ့မှာ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆေးပြားတွေကို လက်ခံယူရန် စောင့်ဆိုင်းနေတဲ့ ထောင်းရှင်းခိုင် ကို PRADO အမျိုးအစား ယာဉ် ၁ စီးနဲ့ ဖမ်းဆီးခဲ့သလို၊ မကျင်းဆန်းညောင် (ခ) မဉာဏ် ကို ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ နေအိမ်မှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကွင်းဆက် စစ်ဆေးချက်တွေအရ ဇူလိုင် ၁၇ ရက်နေ့ မနက်ပိုင်းမှာ စိတ်ကြွဆေးပြားတွေ သယ်ဆောင် ရောင်းဝယ်ရာမှာ ပါဝင်သူတွေဖြစ်ကြတဲ့ ကိုဇော်ဇော်လတ် နဲ့ မနွယ်နီလွင် တို့ ၂ ဦးကို ပြင်ဦးလွင်မြို့ရှိ တည်းခိုခန်းတစ်ခုမှာ ဆက်လက်ဖမ်းမိခဲ့ပြီး၊ ကိုလှိုင်သလွန်း (ခ) ပါးတွောင် ကို ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေအိမ်မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ဖမ်းဆီးရမိသူတွေ ထွက်ဆိုချက်တွေအရ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိ နေအိမ်မှ ငွေကျပ် ၁ ဒသမ ၄၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ ဒသမ ၆ သိန်းကို ထပ်မံ သိမ်းဆည်းရမိခဲ့သလို ပါဝင်ပတ်သက်သူ ထန်လမ့်ကျင့် ဆိုသူကိုလည်း အမရပူရမြို့နယ်၊ ဆောက်တောဝရွာရှိ ဂိုဒေါင်တစ်ခုမှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကို မန္တလေးမှ ကလေးသို့ အဓိက သယ်ဆောင်ရောင်းဝယ်သူတွေဟာ ကလေးမြို့နယ်နေ မစုမွန်လွင် (ခ) စုလေး နဲ့ လားရှိုးမြို့နေ ကိုအောင်ကျော်ဦး တို့ဖြစ်ကြပြီး လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေတာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
လက်ရှိတွင် ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူထားသည့်အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း စစ်အုပ်စုရဲ့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Pro-SAC
