သထုံမှာ တိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုက ကုန်တင်ယာဉ်နဲ့ နေအိမ်တွေကို မီးရှို့၊ အရပ်သား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်၊ သထုံမြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ကုန်တင်ယာဉ်တွေကို မီးရှို့ဖျက်ဆီးကာ အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း KNU ဗဟိုက ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ (၈)၊ ပျူစောထီးအဖွဲ့နဲ့ အမှတ် (၃၁၄) အမြောက်တပ်ရင်းတို့မှ ပူးပေါင်းအင်အား (၁၀၀) ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ ဇူလိုင်လ ၅ ရက်နေ့မှာ ဒေါရပ်ကျေးရွာအုပ်စု တက်တူကုန်းကျေးရွာနဲ့ ကဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာစဉ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ တိုက်ပွဲတွေဟာ ဇူလိုင်လ ၅ ရက် နံနက် ၇ နာရီခွဲခန့်နဲ့ ဇူလိုင်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဘက်က ၅ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုတပ်ဟာ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၂ စီးနဲ့ ကုန်ပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် တက်တူကုန်းကျေးရွာနဲ့ ကြက်ခြေခတ်ကျေးရွာအကြားရှိ စေတီတော်မုခ်ဦးအနီးက ဒေသခံပြည်သူ ၆ ဦးရဲ့ နေအိမ် ၆ လုံးကိုလည်း ဖောက်ထွင်းလုယက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဒါ့အပြင် တက်တူကုန်းကျေးရွာက ကုန်စုံဆိုင်တစ်ဆိုင်က ကုန်ပစ္စည်းတွေကိုလည်း အတင်းအဓမ္မ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်အုပ်စုတပ်ဟာ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းတစ်ဦးနဲ့ တက်တူကုန်းကျေးရွာနေ ဒေသခံ ခွန်ထက်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ညှင်းပန်းခဲ့ပြီး ဒီကနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိတာကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေမှာ ဆက်လက်စိုးရိမ်နေရကြောင်း KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – KNU
