မင်းအောင်လှိုင် လက်ထက် အလှည့်ကျနဲ့ လာရောင်းတဲ့ကြက်ဥကို ပြည်သူတွေ စီတန်းဝယ်ယူရ၊ တစ်ဦး ၅လုံးရ

Author CJ Platform
Categories
Published on Jul 21, 2026

ပြည်တွင်းစျေးကွက်မှာ ကြက်ဥတစ်လုံး ၇၀၀ ဖြစ်လာချိန်မှာ အခြေခံလူတန်းစားတွေမှာ ကြက်ဥတစ်လုံးကို ၅၅၀ ကျပ်နဲ့ လာရောင်းတဲ့ကားတွေကို စောင့်ဝယ်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ရန်ကုန်မှာ ဇူလိုင်၂၀ ရက်မှစ၍ ကြက်ဥတစ်လုံးကို ၆၀၀၊ ၆၅၀ ကျပ်ကနေ ၇၀၀ အထိ စျေးတက်လာပြီး အလှည့်ကျစနစ်နဲ့ လာရောင်းတဲ့ ကြက်ဥတစ်လုံး ၅၅၀ ကို စောင့်ဝယ်ကြတာလို့ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကြက်ဥကျတော့ ထမင်းချိုင့်အတွက်လည်း အဆင်ပြေတော့ ဝယ်တာများတယ်၊ စျေးမှာ ၆၅၀၊ ၇၀၀ ဖြစ်နေတော့ လာရောင်းတဲ့ကားပဲ စောင့်ဝယ်ရတာ။ ဆယ်လုံးကို ၅,၅၀၀ ဆိုရင် ၁,၅၀၀ ပိုမယ်၊ ၁,၅၀၀ ပိုတော့ အခြားဟင်းချက်စရာလေး ဝယ်ချက်လို့ရတာပေါ့” လို့ ပြောပါတယ်။

 

လက်တလော ကြက်ဥစျေးကွက်မှာ ဆယ်လုံးကို ၆၀၀၊ ၆၅၀ နဲ့ ၇၀၀ အထိရှိပြီး ၇၀၀ ကျပ်တန်ကြက်ဥ အလုံးကြီးများဖြစ်တယ်လို့ ကြက်ဥရောင်းချသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့ဆီမှာ ၅၅၀ တန် မရှိဘူး။ ၆၀၀၊ ၆၅၀ နဲ့ ၇၀၀ တန်အလုံးတွေပဲရှိတယ်။ ၆၀၀ တန်က ကုန်တာမြန်တယ်။ သား၊ ငါးစျေးက ကြီးနေတော့ လူတွေက ကြက်ဥပဲဝယ်စားကြတော့ ဝယ်လိုအားများပြီး ကုန်ပစ္စည်းမလောက်တာ” လို့ ပြောပါတယ်။

 

ကြက်ဥစျေးတက်လာခြင်းရဲ့ အခြေခံအကြောင်းအရင်းမှာ ကာကွယ်ဆေးနဲ့ အစာကုန်ကြမ်း ရှားပါး၍ စျေးကြီးပေးရခြင်းကြောင့်ဖြစ်တယ်လို့ ကြက်ခြံပိုင်ရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကြက်ငှက်တုပ်ကွေးဖြစ်တော့ ကြက်တွေ အများအပြားသေတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ဆေးမရှိလို့။ အခြားနိုင်ငံက တင်သွင်းမယ်ဆိုတော့လည်း ကိုယ်နိုင်ငံက ခွင့်မပြုဘူး။ နောက်တစ်ချက်က အစာကုန်ကြမ်း စျေးကြီးလာတာ။ သွင်းကုန်တွေပိတ်ထားတော့ မှောင်ခိုကနေ အစာကုန်ကြမ်းတွေ ဝယ်ရရော၊ အထွေထွေ ကုန်ကျစရိတ်တွေကြောင့် ကြက်ဥစျေးတက်လာတာ” လို့ ပြောပါတယ်။

 

ကြက်ဥတစ်လုံး စျေးနှုန်း ၇၀၀ ဖြစ်လာချိန်မှာ မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းနဲ့ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့က မြို့နယ် ၈ မြို့နယ်ရှိ စျေး ၉ စျေးမှာ ပြည်သူတစ်ဦးကို ကြက်ဥ ၅ လုံးနှုန်းနဲ့ လိုက်လံရောင်းချပေးခဲ့ပေမဲ့ မရတဲ့သူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

#CJPlatform #ရန်ကုန် #ကြက်ဥဈေးနှုန်း #ကုန်ဈေးနှုန်း #အခြေခံလူတန်းစား