ဇမ္ဗူသီရိမှာ ဆိုင်လုပြီး လူသတ်ခဲ့သူ နှစ်ဦးကို ပျဉ်းမနားခရိုင် တရားရုံးက သေဒဏ်ချမှတ်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ လူငယ်တစ်ဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ် လုယူသွားသူ နှစ်ဦးကို ပျဉ်းမနားခရိုင် တရားရုံးက ဇူလိုင် ၂၀ ရက် မနက်ပိုင်းမှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တရားရုံးက ပြစ်မှုကျူးလွန်သူ ကိုကျော်ထက်ဦးနဲ့ ကိုအောင်သူဝင်းတို့ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ခ) အရ မသေမချင်း ကြိုးကွင်းစွပ် သတ်ရန်နဲ့ ပုဒ်မ ၃၉၄ အရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အမှုစစ်နေတာ ၁ နှစ်လောက် ရှိပြီ။ တရားရုံးက ဒီနေ့မှ အမိန့်ချတာ။ နှစ်ယောက်စလုံးကို မသေမချင်း ကြိုးကွင်းစွပ်ပြီး ကြိုးပေးသတ်ဖို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ပါ အမိန့်ချလိုက်တာ” လို့ ပြောပါတယ်။
အမှုဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ပြစ်မှုကျူးလွန်သူ ကိုကျော်ထက်ဦးနဲ့ ကိုအောင်သူဝင်းတို့ နှစ်ဦးဟာ ဇမ္ဗူသီရိမြို့၊ သီရိရတနာ အဆင့်မြင့်ဈေး ဆိုင်းဘုတ်အနီး၊ သီရိအနော်ရထာ (၁၁) လမ်းပေါ်မှာ ကိုဝင်းကျော်ထွန်းကို မသေမချင်း ဓားနဲ့ ထိုးသတ်ကာ CANDA-110 ဆိုင်ကယ်ကို လုယက်သွားခဲ့တာ ဖြစ်ပါတယ်။
CCTV မှတ်တမ်းတွေကတစ်ဆင့် ဆိုင်ကယ် ယူသွားတဲ့ နှစ်ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတွေက ဇူလိုင်လ ၃၀ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး (ပ) ၅၆/၂၀၂၅၊ ပုဒ်မ ၃၀၂၊ ၃၉၄ တို့နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပျဉ်းမနားခရိုင် တရားရုံးမှာ လုယက်သတ်ဖြတ်ခဲ့သူ ၃ ဦးကို သေဒဏ် အမိန့်ချမှတ်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
