ကမ္ဘာ့ချန်ပီယံ စပိန်အသင်း အောင်ပွဲခံမှုရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ 

Author CJ Platform
Categories
Published on Jul 21, 2026

၂၀၂၆ ကမ္ဘာ့ဖလား ဖိုင်နယ်အပြီး ဆုပေးပွဲဟာ ဘောလုံးလောကရဲ့ အာရုံစိုက်မှုကိုသာမက နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေအထိ ဖြစ်ပေါ်စေခဲ့ပါတယ်။ 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပေမဲ့ FIFA က ထုတ်ပြန်ခဲ့တဲ့ တရားဝင် ဓာတ်ပုံတွေနဲ့ မှတ်တမ်းဗီဒီယို အများစုမှာတော့ သူ့ရဲ့ ပုံရိပ်တွေကို အဓိကထား အသုံးမပြုခဲ့တာကို ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။ 

 

FIFA ရဲ့ အဓိကအာရုံဟာ ကမ္ဘာ့ချန်ပီယံအသင်းနဲ့ ဘောလုံးအောင်ပွဲကိုသာ ထင်ဟပ်စေချင်ခဲ့တာလို့ မြင်သူတွေလည်း ရှိနေပါတယ်။

 

အထူးသဖြင့် စပိန်အသင်းခေါင်းဆောင် ရိုဒရီဟာ ဖလားမြှောက်မယ့်အချိန်မှာ ဒေါ်နယ်ထရန့် ဘေးကနေ ဖယ်ထွက်သွားပြီးမှ အသင်းဖော်တွေနဲ့အတူ ကမ္ဘာ့ဖလားကို မြှောက်တင်ခဲ့တဲ့ မြင်ကွင်းက လူမှုကွန်ရက်ပေါ်မှာ အလွန်ပြန့်နှံ့ခဲ့ပါတယ်။ 

 

အဲ့ဒီအခိုက်အတန့်ဟာ “အောင်ပွဲရဲ့ ဗဟိုမှာ ကစားသမားတွေပဲ ရှိသင့်တယ်” ဆိုတဲ့ အယူအဆကို ပိုမိုအားကောင်းစေခဲ့ပြီး ဘောလုံးဟာ နိုင်ငံရေးထက် ကြီးမားတယ်ဆိုတဲ့ ဆွေးနွေးမှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

 

တကယ်တော့ ဒီကမ္ဘာ့ဖလား တစ်လျှောက်လုံး နိုင်ငံရေးအရိပ်အယောင်တွေ ဝင်ရောက်လာတယ်ဆိုတဲ့ ဝေဖန်မှုတွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ဘာလိုဂန်ရဲ့ အနီကတ် ဖြစ်ရပ်မှာ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ နီးစပ်မှုကို ချိတ်ဆက်ဝေဖန်သူတွေ ရှိခဲ့ပြီး ဆုံးဖြတ်ချက်ရဲ့ မျှတမှုအပေါ် မေးခွန်းထုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ ပြိုင်ပွဲအပေါ် လူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားဟာ ဘောလုံးပွဲထက် စီးပွားရေးနဲ့ Marketing ကို ပိုမိုဦးစားပေးနေတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း အများကြီး ကြားခဲ့ရပါတယ်။ ပွဲစဉ်တိုင်းလိုလို စပွန်ဆာ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ တက်ရောက်မှုတွေကို ပိုမိုထင်ရှားစွာ တင်ဆက်ခဲ့တာကြောင့် ဘောလုံးရသကို လျော့ပါးစေတယ်လို့ ပရိသတ်တချို့က ယူဆခဲ့ကြပါတယ်။

 

ဒီလိုဖြစ်ရပ်တွေက အသစ်တော့ မဟုတ်ပါဘူး။ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ ဆုပေးပွဲတုန်းကလည်း ဒေါ်နယ်ထရန့်ဟာ ချယ်လ်ဆီးအသင်းသားတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့တာကြောင့် ဘောလုံးပွဲ အောင်ပွဲကို နိုင်ငံရေးပုံရိပ်အဖြစ် အသုံးချတယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

 

အဲဒီနောက်ပိုင်း FIFA က တရားဝင် မီဒီယာတွေမှာ နိုင်ငံရေးပုဂ္ဂိုလ်တွေထက် ကစားသမားတွေနဲ့ ချန်ပီယံအသင်းကိုသာ အဓိက ဦးစားပေး ဖော်ပြလာတာဟာ အံ့ဩစရာတော့ မဟုတ်တော့တာပဲ ဖြစ်ပါတယ်။

 

ဘောလုံးဟာ ကမ္ဘာ့အားကစား ဖြစ်သလို နိုင်ငံရေးနဲ့ လုံးဝခွဲထုတ်ဖို့ မလွယ်ကူတဲ့ အားကစားတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားလို အကြီးဆုံးစင်မြင့်ပေါ်မှာ ပရိသတ်အများစု မြင်ချင်တာက နိုင်ငံရေးမဟုတ်ဘဲ ကစားသမားတွေရဲ့ ကြိုးစားမှု၊ အသင်းတွေရဲ့ အောင်ပွဲနဲ့ ဘောလုံးရဲ့ စစ်မှန်တဲ့ စိတ်ခံစားချက်ပဲ ဖြစ်ပါတယ်။

 

FIFA ရဲ့ တရားဝင် ဓာတ်ပုံတွေမှာ ဒေါ်နယ်ထရန့်ကို အဓိကမဖော်ပြခဲ့တဲ့ ရွေးချယ်မှုဟာလည်း အဲ့ဒီသတင်းစကားကို ပေးချင်တာ ဖြစ်နိုင်ပြီး ဘောလုံးပရိသတ်တွေကို စိတ်ကျေနပ်မှု ပိုမိုရရှိစေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။