လှိုင်သာယာ၌ လုယက်သူ သုံးဦးက လုယက်ခံရသူကို အက်စစ်ဖြင့် ပက်၍ ထွက်ပြေး

Author မေ
Categories
Published on Nov 09, 2022

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ လုယက်သူ သုံးဦးက လုယက်ခံရသူကို အက်စစ်ဖြင့် ပက်၍ ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၆ရက် နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ်၊ ဘုရင်နောင် တံတားအဆင်းအနီး ရှိ ရန်ကုန်- ပုသိမ်လမ်းပေါ် ၌ စက်ဘီးစီးနင်းကာ ပစ္စည်းလိုက်ပို့သည့် အမျိုးသားတစ်ဦးမှာ ဘုရင့်နောင် တံတားအဆင်းအနီး အရောက်၌ လိပ်စာမေးမြန်းစုံစမ်းခဲ့သည်။ ထိုစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူသုံးဦးမှ အနောက်မှ လိုက်ပါ၍ ဖုန်းအား လုယက်ရာ ဖုန်းမှာ မှန်ကွဲ၍ ပါသွား ခဲ့သည်။ ထို့နောက် ထပ်မံ၍ ပိုက်ဆံအိတ်အား လုယက်စဉ် လုယက်သူများ စီးနင်းလာသည့် ဆိုင်ကယ်အား ခြေထောက်ဖြင့် ကန်၍ ခုခံလိုက်ရာ လုယက်ခံရသူ စီးနင်းလာသည့် စက်ဘီးမှာ မှောက်သွားခဲ့သည်။

ထိုသို့ စက်ဘီးမှောက်၍ လဲနေစဉ်၌ လုယက်သူ သုံးဦးအနက် ဆိုင်ကယ်အလယ်တွင် လိုက်ပါစီးနင်းလာသူမှာ အက်စစ်ဖြင့် လှမ်းပက်ခဲ့ကြောင်း သိရသည်။

“ပိုက်ဆံအိတ်လုတော့ ခြေထောက်နဲ့ ပြန်ကန်လိုက်တယ်။ ကျွန်တော့် စက်ဘီးလဲသွားတော့ သူတို့ထဲက အလယ်မှာ ထိုင်တဲ့ ကောင်က အက်ဆစ်နဲ့ ပက်တယ်။ ခြေထောက်မှာ ထိသွားတယ်။ ပြီးတော့မှ သွေးထွက်လာတာ။ “ဟု လုယက်ခံရသူက ပြောကြားသည်။ ထို့နောက် ၎င်းတွင် အက်စစ်ဖြင့် ပက်ခံရသည့် ဒဏ်ရာအနည်းငယ်ရရှိကာ ဖုန်း မှာ လုယက်ခံခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၁၂ရက်ကလည်း လှိုင်သာယာမြို့နယ်၌ပင် Delivery ပို့သည့် အသက် ၂၅နှစ်အရွယ် လူငယ်တစ်ဦး နေ့ခင်းကြောင်တောင်ပင် လုယက်သတ်ဖြတ် ခံရမှု ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် နိုဝင်ဘာ ၂ရက် ညပိုင်းကလည်း ဒေါပုံမြို့နယ် ဂျပန်တံတားအနီး တံတားဟောင်းအပေါ်၌ စက်ဘီးစီးလာသူ နှစ်ဦးအား လူ ကိုးဦးခန့်မှ စငေဘာဓါးနှင့် ဝက်အူလှည့်တို့ ကိုင်ဆောင်ကာ ရန်ဖြစ်သည့်ပုံစံ ပြုလုပ်၍ ဝိုင်းထိုးကာ မော်တာတပ်ထားသည့် စက်ဘီးတစ်စီးနှင့် ဖုန်း နှစ်လုံးအား လုယက်သွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန် ၂၆လမ်း၌ လုယက်ခံရမှု၊ မင်္ဂလာတောင်ညွန့်၌ စာပေဆုရ စာရေးဆရာကြီးနှင့် ၎င်းဧ၊် ဇနီးတို့ လုယက်သတ်ဖြတ်ခံရမှုများ ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ပြစ်မှုကျူးလွန်သူများအား ဖမ်းမမိသေးပေ။

ဓာတ်ပုံ- လူမှုကွန်ရက်

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform