မုံရွာ ပလဖ စခန်းများ စီးနင်းခံရပြီး ရဲဘော်နှင့် ပြည်သူ ၈ ဦး ကျဆုံးသည့်ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ မြို့နယ်ပကဖ ဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အခြေစိုက်စခန်း အပါအဝင် နေရာ ၃ ခုကို လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၈ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တွေနဲ့ မုံရွာမြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရှင်းလင်းချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ ပလဖ စခန်းငယ် ၂ ခု စီးနင်းခံရမှုနှင့် ပလဖရဲဘော်များ ရှိနေတဲ့ စားသောက်ဆိုင် ဝင်ရောက်ပစ်ခတ်ခံရမှု ဖြစ်စဉ်တွေမှာ မုံရွာမြို့နယ် ပကဖ အနေဖြင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုမရှိကြောင်းကို ငြင်းဆိုထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အချို့သော သတင်းမီဒီယာ စာမျက်နှာတွေနဲ့ တော်လှန်ရေး Celebrity အကောင့်တွေမှာ ယင်းပစ်ခတ်မှုကို မြို့နယ် ပကဖ က ကျူးလွန်သယောင် ရေးသားဖော်ပြချက်တွေ ရှိနေတာကြောင့် အခုလိုမျိုး ငြင်းဆိုချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်းနဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ထပ်မံပြန်လည်ဖြေဆိုမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အဆိုပါ စီးနင်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မုံရွာခရိုင်တပ်ရင်းတွေဖြစ်ကြတဲ့ တပ်ရင်း (၂၂)၊ (၂၃)၊ (၂၄)၊ (၂၅) နဲ့ (၂၈) စတဲ့ တပ်ရင်း ၅ ရင်းက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
စီးနင်းပစ်ခတ်မှုတွေအတွင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ စခန်းငယ်နေရာ ၂ ခုကို စီးနင်းမှုအတွင်းမှာ မြို့နယ်ပလဖ တာဝန်ခံ အပါအဝင် ရဲဘော် ၅ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး၊ မြို့နယ်ပလဖ ရဲဘော်တွေ ထိုင်နေတဲ့ စားသောက်ဆိုင်ကို ဝင်ရောက်ပစ်ခတ်မှုတွေကြောင့်လည်း အရပ်သားပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း စီးနင်းပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ ဒီကနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းအထိ တရားဝင် ထုတ်ပြန်ပြောဆိုလာတာမျိုး မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – မုံရွာပကဖ
