မတူပီမြို့သိမ်းတိုက်ပွဲအလွန် နေရပ်ပြန်ရေး ကြိုးပမ်းမှုတွေ စစ်ရေးတင်းမာမှုကြောင့် ရပ်တန့်

Author CJ Platform
Categories
Published on Jun 29, 2026

ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲအလွန် စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ရေး ကြိုးပမ်းမှုတွေဟာ ချင်းပြည်တောင်ပိုင်းရှိ စစ်ရေးတင်းမာမှုတွေကြောင့် ပြန်လည်ရပ်တန့်နေရတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

မတူပီမြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတဲ့ ကာလအတွင်း နေရပ်စွန့်ခွာခဲ့ရတဲ့ ဒေသခံပြည်သူအချို့ဟာ မိမိတို့ရဲ့ အိမ်ခြံမြေတွေကို ပြန်လည်ရှင်းလင်းပြုပြင်ခြင်းနဲ့ နေရပ်ပြန်လည်နေထိုင်ခြင်းတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒါပေမဲ့လည်း လတ်တလောမှာ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေဘက်ကနေ စစ်အုပ်စုတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် မတူပီမြို့ကို နေရပ်ပြန်ဖို့ ပြင်ဆင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ရပြီး နေရပ်ပြန်ရေး မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့ရတယ်လို့ သိရပါတယ်။

 

“အိမ်ပြန်ဖို့ အားလုံးပြင်ဆင်ပြီးပြီ။ အိမ်တွေမှာရှိတဲ့ အမှိုက်သရိုက်တွေကို ရှင်းဖို့အတွက်တောင် အစီအစဉ်ချထားတာ။ အခုတော့ မင်းတပ်၊ ကန်ပက်လက်ဘက်က စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ သတင်းကြောင့် ဘယ်သူမှ မပြန်ရဲကြတော့ဘူး။ ပြန်လာဖို့လည်း လုံးဝမရှိတော့ပါဘူး” လို့ မတူပီစစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် လမ်းခရီးလုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်လာတာ၊ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာနဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ခံရမှာကို စိုးရိမ်တဲ့အတွက် ပြည်သူအများစုမှာ နေရပ်ပြန်ရေး အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြတာ ဖြစ်ပါတယ်။

 

အရင်က နေရပ်ပြန်ဖို့ ပြင်ဆင်မှုတွေ ရှိခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေမှာ ဘေးလွတ်ရာဒေသတွေမှာသာ ဆက်လက်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

“ပြန်လာကြတဲ့သူတွေက ပြန်ကြတယ်။ ဒါပေမဲ့ အခု စစ်ကြောင်းတွေ ထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြန်လာကြတဲ့သူတွေတောင် ဘေးလွတ်ရာမှာ ပြန်ပြီးစစ်ဘေးရှောင်ကြရတယ်။ နေရပ်ပြန်ဖို့ ပြင်ဆင်သူတွေကလည်း သူတို့စစ်ရှောင်တဲ့ နေရာတွေမှာသာ ဆက်နေထိုင်တယ်” လို့ နောက်ထပ် မတူပီစစ်ဘေးရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မတူပီမြို့ဟာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမဲ့လည်း ပတ်ဝန်းကျင်မြို့နယ်တွေမှာ စစ်အုပ်စုရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံပြည်သူတွေမှာ ပုံမှန်ပြန်လည်နေထိုင်နိုင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက် 

 

Related News

Depend on news