ဘားအံမှာ မီးဖိုချောင်သုံးပစ္စည်းနဲ့ ဟင်းချက်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေသဖြင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းနေ
ကရင်ပြည်၊ ဘားအံမြို့ပေါ်မှာ လက်ရှိကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်မှုတွေကြောင့် ဟင်းချက်ဆီ အပါအဝင် မီးဖိုချောင်သုံး အခြေခံစားသောက်ကုန် ဈေးနှုန်းတွေဟာ နေ့စဉ်နဲ့အမျှ အဆမတန် မြင့်တက်လျက်ရှိတာကြောင့် ဒေသခံပြည်သူတွေနဲ့ အခြေခံလူတန်းစားတွေ စားဝတ်နေရေး အကျပ်အတည်းကြီးစွာ ရင်ဆိုင်နေရကြောင်း ကုန်သည်တွေနဲ့ မြို့ခံတွေဆီကနေ သိရပါတယ်။
လက်ရှိအချိန်ဟာ မိုးရာသီ ကောက်စိုက်ချိန်ဖြစ်တာကြောင့် လယ်ယာလုပ်ငန်းခွင်တွေမှာ နေ့စားလုပ်ကိုင်နေကြသူတွေ ရှိသလို၊ အခြားသော ပန်းရံလုပ်ငန်းကဲ့သို့ နေ့စားအလုပ်သမားတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဘားအံမြို့နယ်ရှိ ကျေးရွာအချို့မှာ နေ့စားလုပ်အားခကို ဝက်သားဈေးနှုန်းအပေါ် မူတည်ပြီး ရရှိကြသော်လည်း ကုန်ဈေးနှုန်းတွေက နေ့စဉ် ထိုးတက်နေမှုကြောင့် မိသားစု စားဝတ်နေရေးအတွက် အလွန် ချိုးခြံချွေတာနေရတယ်လို့ သိရပါတယ်။
ဘားအံဒေသခံ အိမ်ရှင်မတစ်ဦးက “အခုက မီးဖိုချောင်သုံးပစ္စည်းတွေကအစ ဘာဝယ်ဝယ် ဈေးက အရင်ကထက် အဆမတန် တက်နေတာ။ အထူးသဖြင့် ဟင်းချက်ဆီဆိုရင် ဈေးတက်ရုံတင်မကဘူး၊ ဝယ်ရတာပါ ခက်ခဲလာတယ်။ ကုန်စိမ်း၊ ကြက်သွန်၊ ငရုတ်ကအစ အစစအရာရာ ဈေးတက်တော့ ရတဲ့နေ့စားခနဲ့က မမျှဘူး။ နေ့တိုင်း ချက်ပြုတ်စားသောက်ဖို့ကို တော်တော်လေး ချွေတာရုန်းကန်နေရတယ်” လို့ မြေပြင်အခြေအနေကို ပြောပြပါတယ်။
ကုန်သည်တွေရဲ့ ပြောပြချက်အရ ရန်ကုန်မြို့နဲ့ နယ်စပ်ဘက်ကနေ ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေမှာ စစ်အုပ်စုရဲ့ ဂိတ်ကြေးတောင်းခံမှု များပြားခြင်း၊ စက်သုံးဆီဈေး မြင့်မားခြင်းနဲ့ လမ်းခရီးလုံခြုံရေးအရ ကြန့်ကြာမှုတွေကြောင့် ဘားအံဈေးကွက်အတွင်းသို့ ကုန်စည်အဝင်နည်းပါးကာ ကုန်ဈေးနှုန်းမှာ အပတ်စဉ် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
“လမ်းခရီးက သယ်ယူစရိတ်တင်မကဘူး၊ ဂိတ်တွေကလည်း အများကြီးဆိုတော့ ကုန်ကျစရိတ်က အရင်ကထက် နှစ်ဆ၊ သုံးဆ ဖြစ်လာတယ်။ အရင်းအနှီးကြီးတော့ အရောင်းအဝယ်သမားတွေလည်း ဈေးတင်ရောင်းရသလို၊ ဝယ်သူတွေဘက်ကလည်း လက်လှမ်းမမီတော့ အရောင်းအဝယ်တွေပါ ပါးကုန်ကြတယ်” လို့ ဘားအံမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ထို့ပြင် ဘားအံမြို့ပေါ်မှာ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်တဲ့အပြင် ဆီရရှိဖို့အတွက် အနည်းဆုံး ၂ နာရီခန့်အထိ ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘားအံမြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “ဆီဈေးက တအားတက်တယ်။ အရင်က တစ်လီတာကို ၆ ထောင်ဝန်းကျင်ပဲ ရှိရာကနေ အခုက ၁၀၀၀၀၊ ၁၂၀၀၀ ထိ ဖြစ်သွားပြီ။ အဲဒါတောင် လိုသလောက် ဝယ်မရဘဲ အနည်းဆုံး ၂ နာရီလောက် တန်းစီရတယ်။ သက်လတ်ပိုင်းတွေအတွက် ပြဿနာမရှိပေမဲ့ ကျွန်တော်တို့လို အသက် ၅၀ ကျော် ၆၀ သမားတွေကျတော့ နေပူထဲ မိုးထဲ ဒီလောက်ကြာကြာ တန်းစီရတာ ကျန်းမာရေး တော်တော်လေး ထိခိုက်တယ်” လို့ ပြောပါတယ်။
ယခုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုဂယက်ကြောင့် ဘားအံမြို့ပေါ်ရှိ အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းလာသည့်အပြင်၊ အနီးနားကျေးရွာများမှ ဘားအံမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် အလှူရှင်များမှာလည်း ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ရိက္ခာထောက်ပံ့မှုအပိုင်းတွင် အကန့်အသတ်များနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
