မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင် အပါအဝင် အာဏာပိုင်တွေက တိုက်ပိတ်ညှင်းပန်းနှိပ်စက်နေ

Author CJ Platform
Categories
Published on Jun 29, 2026

မကွေးအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်ကြီး ဦးဝင်းနိုင် အပါအဝင် ထောင်အာဏာပိုင်တွေက ခြိမ်းခြောက်ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မနေ့က ဇွန်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က မကွေးအကျဉ်းထောင် ထောင်ပိုင်ကြီး ဦးဝင်းနိုင်၊ ထောင်ပိုင်လေးနဲ့ ထောင်မှူးတို့ဟာ တိုက်ဆောင်ရှိ အကျဉ်းသားတွေကို “မင်းတို့တတွေကို သွေးမထွက်တဲ့နည်းနဲ့ ငါတို့က သတ်ပစ်လို့ရတယ်၊ သွေးမထွက်တဲ့နည်းနဲ့ သတ်ပြမယ်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မေလ ၁၄ ရက် ညပိုင်းမှာလည်း တိုက်ဆောင် (၃) မှ နိုင်ငံရေးအကျဉ်းသား ကိုအေးသိန်းက ခြေထောက်ကိုက်ခဲသဖြင့် ဆေးတောင်းရာမှာ ထောင်ဝန်ထမ်းတွေက အော်ဟစ်ကြိမ်းမောင်းသဖြင့် “မင်းတို့ဖိနှိပ်တာတွေများနေပြီ၊ ညွှန်မှူးဝင်ခဲ့ရင် တိုင်မည်” ဟု ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလို ပြန်လည်ပြောဆိုမှုကြောင့် နောက်တစ်နေ့ နံနက်ခင်း ဘုရားဝတ်ပြုချိန်မှာ ထောင်ပိုင် ဦးဝင်းနိုင်၊ ထောင်မှူး၊ ဒုထောင်မှူး ကိုအောင်ကိုကိုနဲ့ ထောင်ဝန်ထမ်းတွေက အင်အားသုံးကာ အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေကို နောက်သို့လှည့်ခိုင်းပြီး ဦးခေါင်းနဲ့ မျက်နှာတို့ကို ခေါင်းစွပ်စွပ်ကာ ချုပ်နှောင်ပြီးနောက် ဆေးရုံတိုက်ဆောင်မှာ ခြေချင်းဒေါက်ခတ် တိုက်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

 

အလားတူပင် မေလ ၃၁ ရက်နေ့ကလည်း အဆောင် (၃) ရှိ အကျဉ်းသားတွေကို တန်းစီးချုပ် ကိုစစ်သားကြီး (ခ) ကျော်မျိုးနိုင်နဲ့ အကျဉ်းသား သိုင်းဆရာဆိုသူက ပုံစံမောင်းသည်ဟုဆိုကာ အဓမ္မရိုက်နှက်နေခြင်းကို ဝင်ရောက်ပြောဆိုတားမြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင် ဦးဝင်းနိုင်နဲ့ မိန်းဂျေးဦးစီး ကိုဝင်းထွန်းတို့က ခြေချင်းခတ်ရိုက်နှက်ပြီး ပြစ်ဒဏ်တိုက်နံပါတ် (၃) မှာ တိုက်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ထောင်ပိုင်နဲ့ ထောင်အာဏာပိုင်တွေရဲ့ မတရားတိုက်ပိတ် ညှင်းပန်းနှိပ်စက်ခြင်း ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုကောင်းမြတ်၊ ကိုအောင်ခြိမ့်သီး (ခ) ဘောကြီး၊ ကိုချစ်မင်းဦး (ခ) ကြံကို၊ ကိုဟိန်းထက်အာကာကျော် (ခ) ခြောက်ကိုး၊ ကိုဖက်တီး၊ ဒိန်းဒေါင်နဲ့ ဘုန်းကြီး တို့ဖြစ်ပြီး သံကွန်ကရစ်တမံတလင်းပေါ်မှာ မည်သည့်အခင်းမျှမပါဘဲ ထားရှိကာ ထမင်းကို နံနက်စာ တစ်ကြိမ်သာ ကျွေးပြီး သောက်ရေကိုလည်း ချင်ခွက်နဲ့ တစ်ခါသာ တိုက်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေရှိနေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် ဇွန်လ ၁ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသား ခေါဂေထန်းကို ပုံစံမောင်းသည်ဟုဆိုကာ ရိုက်နှက်သဖြင့် ငြင်းဆိုရာမှ ခြေချင်းဒေါက်ခတ်ကာ တိုက်ပိတ်ခဲ့ကြောင်း၊ အဆိုပါ မတရားဖိနှိပ်မှုတွေကြောင့် ၎င်းနိုင်ငံရေးအကျဉ်းသားက အစာငတ်ခံ ဆန္ဒပြခဲ့ရာ ထောင်အာဏာပိုင်တွေက ဦးခေါင်းနဲ့ မျက်နှာကို အစွပ်စွပ်ကာ ချုပ်နှောင်ပြီး ကူးစက်မြန်သော တီဘီရောဂါဝေဒနာရှင်တွေနဲ့အတူ ဆေးရုံတိုက်ဆောင်မှာ ထားရှိကာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေကြောင်းကိုလည်း ဖော်ပြထားပါတယ်။

 

မကွေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနှင့် အသက်အန္တရာယ်ဟာ အချိန်မရွေး ဆိုးရွားလာနိုင်တဲ့ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီး၊ စစ်အုပ်စုရဲ့ လက်အောက်ခံ အကျဉ်းဦးစီးဌာနက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို လျစ်လျူရှုနေခြင်းဟာ ညှင်းပန်းနှိပ်စက်မှုတွေကို ဆက်လက်ခွင့်ပြုနေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်းကိုလည်း PPNM က ထောက်ပြထားပါတယ်။

 

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အဓိကတရားခံတွေကို ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်သွားမှာဖြစ်ပြီး၊ မှတ်တမ်းတွေနဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက သိရှိအောင် ဖော်ထုတ်မည့်အပြင် ကျူးလွန်သူအားလုံးကိုလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တင်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက် 

 

 

Related News

Depend on news