ရန်ကုန်မှာ စစ်မှုထမ်းပတ်စဉ် (၂၆) အတွက် လူငယ်များကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေ

Author CJ Platform
Categories
Published on Jun 29, 2026

ရန်ကုန်တိုင်းအတွင်းမှာ စစ်မှုထမ်းပတ်စဉ် (၂၆) အတွက် စစ်အုပ်စုက ဖမ်းဆီးပေါ်တာဆွဲထားတဲ့ လူငယ်တွေကို ဇွန်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းက တိုက်ကြီးမြို့နယ်နဲ့ လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်း နှစ်ကျောင်းသို့ ပို့ဆောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်က တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူအခြေစိုက် အမှတ် (၁) တန်းမြင့်သင်တန်းကျောင်းသို့ စစ်အုပ်စုက တပ်မတော်သုံး မော်တော်ယာဉ် ၃ စီးနဲ့ လူငယ်တွေကို လာရောက်ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သင်တန်းကျောင်းအနီး နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒီနေ့မနက်အစောကြီးပဲ စစ်ကား ၃ စီးနဲ့ လူငယ်တွေလာပို့သွားတာ။ သင်တန်းတော့ မစသေးဘူး။ သင်တန်းဆင်းတာနဲ့ သင်တန်းဖွင့်တာကအစ အဲဒီနေ့ဆိုရင် စစ်အုပ်စုက အကြီးပိုင်းတွေလာတာမျိုး ရှိတတ်တော့ လုံခြုံရေးတွေ အပြည့်ချထားတာ” လို့ သူက ပြောပြပါတယ်။

 

အလားတူ လှည်းကူးမြို့နယ်၊ မင်းကုန်းအခြေစိုက် အမှတ် (၁) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့လည်း စစ်အုပ်စုက ဇွန်လ ၂၇ ရက်နေ့ ညပိုင်းကတည်းက စစ်ကားတွေနဲ့ လူငယ်တွေကို ဆက်တိုက်ပို့ဆောင်နေတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မင်းကုန်းမှာ မနေ့ကတည်းက စစ်အုပ်စုက လူငယ်တွေကို ပို့နေတာ။ သင်တန်းကျောင်းထဲ ကားဝင်လာပြီဆိုရင် ကားအနောက်ကနေ စစ်သားတွေက သေနတ်နဲ့ အဆင်သင့် အမြဲလိုက်တာ။ ထွက်ပြေးရင် ပစ်မယ့်သဘောရှိတယ်” လို့ သူက ဆိုပါတယ်။

 

စစ်မှုထမ်းရန်အတွက် ဖမ်းဆီးပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို ဘုရင့်နောင်စစ်ကြောရေးနှင့် တည်းခိုရေးတပ်၊ အင်းစိန်အမှတ် (၁) စုဆောင်းရေးတပ်တို့သို့ အရင်ဆုံး ပို့ဆောင်ပြီးမှတစ်ဆင့် လူစုခွဲကာ အဆိုပါ သင်တန်းကျောင်း နှစ်ကျောင်းသို့ ခွဲပြီး ပို့ဆောင်လိုက်တာ ဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

“စစ်မှုထမ်း ပါသွားပြီဆိုရင် ကူညီမယ့်သူထက် လိမ်မယ့်သူက ပိုများတယ်။ စစ်တပ်ကနေ လိုက်ထုတ်ပေးမယ်ဆိုရင် အလိမ်ခံရပြီသာမှတ်။ စစ်မှုထမ်းတစ်ယောက်ကို သိန်း ၁၀၀ ကျော်အထိ ပေါက်ဈေးရှိနေတဲ့ အချိန်မှာ အုပ်ချုပ်ရေးပိုင်းနဲ့ စစ်အုပ်စုက ရောင်းစားပြီးပြီ။ ဘယ်လိုနည်းနဲ့မှ လိုက်ထုတ်လို့ မရဘူး။ ဥပဒေဆိုတာမရှိဘဲ ခေါ်ချင်သလို ခေါ်နေတာ။ ပေါ်တာဆွဲပြီး ရောင်းစားတဲ့အဖွဲ့တွေလည်း ရှိသေးတယ်” လို့ သူက ရှင်းပြပါတယ်။

 

ပြည်သူလူထုတစ်ရပ်လုံး မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ မတ်လ ၂၈ ရက်နေ့ကစတင်ကာ အဓမ္မခေါ်ယူခဲ့ရာ ယခုအခါတွင် ပတ်စဉ် (၂၆) အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro/SAC