အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ဖြေသူအားလုံးအောင်မြင်ပြီး ဂုဏ်ထူးရရှိသူ ၇ ဦးရှိ

Author CJ Platform
Categories
Published on Jun 28, 2026

တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ဝင်ရောက်ဖြေဆိုကြတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ ၃၆ ဦးစလုံး ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီး အဲဒီထဲမှာ ဂုဏ်ထူးရရှိသူ ၇ ဦးအထိ ရှိတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင် စာစစ်ဌာနကနေ အကျဉ်းသား ၃၃ ဦးနဲ့ အကျဉ်းသူ ၃ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြတာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သူက “အင်းစိန်ထောင်ကနေ ၃၆ ယောက် ဝင်ရောက်ဖြေဆိုတာ ၃၆ ယောက်စလုံး အောင်မြင်ပါတယ်။ ဂုဏ်ထူး ၃ ဘာသာ ပါရှိတဲ့သူက ၁ ဦး၊ ၂ ဘာသာ ဂုဏ်ထူးပါရှိတဲ့သူက ၁ ဦးနဲ့ ၁ ဘာသာ ဂုဏ်ထူးပါရှိတဲ့သူက ၅ ဦးစီ ရှိကြတယ်” လို့ ရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတုန်းကလည်း အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ အကျဉ်းသားနဲ့ အကျဉ်းသူ ၁၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာမှာ ၁၇ ဦးစလုံး ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူ ၇ ဦး ရှိခဲ့ဖူးပါတယ်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၅,၂၈၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ အောင်မြင်သူ ၁၃၃,၆၇၃ ဦး ရှိခဲ့ပြီး၊ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၅၂.၃၇ ရာခိုင်နှုန်း ရှိတယ်လို့ စစ်အုပ်စုရဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news