ခရီးသွား၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် ကျိုက်ထီးရိုး ခရီးစဉ်ကို ကြော်ငြာအားကောင်းကောင်းဖြင့် ဆွဲဆောင်ပြီး ပြေးဆွဲရန် စစ်ကောင်စီ ညွှန်ကြား

Author ခေတ်နီ
Categories
Published on Nov 08, 2022

ခရီးသွား၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် ကျိုက်ထီးရိုး ခရီးစဉ်ကို ကြော်ငြာအားကောင်းကောင်းဖြင့် ခရီးသွားများအား ဆွဲဆောင်ပြီး အပတ်စဉ် မဖြစ်မနေ ပြေးဆွဲရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ခရီးသွား၀န်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။

“ ဘုရားဖူးယာဉ်လိုင်းတွေကို ဖေ့ဘွတ်မှာ နေ့တိုင်းကြော်ညာရမယ်ဆိုပြီးပြောတယ်။ ပြီးတော့ လက်မှတ်မပြည့်လဲ ထွက်ရမယ်။ ကျိုက်ထီးရိုးခရီးစဉ်ကို လူမရှိလဲ ထွက်ရမယ်ဆိုပြီး စစ်ကောင်စီက ညွှန်ကြားထားတယ်၊ အခုဆို Boost တောင် ထိုးနေရတယ်” ဟု ခရီးသွားလက်မှတ်အရောင်းကိုယ်စားလှယ် တစ်ဦးက CJ Platform သို့ အတည်ပြုပြောကြားသည်။

ထို့ပြင် ဘုရားဖူး ခရီးသွား လုပ်ငန်း အသေးလေးများအနေဖြင့် ခရီးသည် မပြည့်ပါက အနီးအနားရှိ မိတ်ဆွေအပေါင်းအသင်းများကို ခေါ်ယူပြီး အခမဲ့ ကျိုက်ထီးရိုး ဘုရားဖူးလိုက်ရန် ခေါ်ယူနေရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

“ အဒေါ်က ခရီးသွားလက်မှတ်အရောင်းဖွင့်ထားတယ်။ အဲ့ဒါ ဘုရားဖူး ခရီးသွားလုပ်ငန်း အသေးလေးတစ်ခုကနေပြီးတော့ အတင်းပဲ ကားခ အခမဲ့နဲ့ လိုက်ခဲ့ပါဆိုပြီး ခေါ်တယ်။ အဲ့လို လုပ်ငန်းအသေးလေးတောင် တစ်ပတ်ကို နှစ်စီး ကျိုက်ထီးရိုးဘုရားဖူး ပို့ဆောင်ရေးဆိုပြီး မဖြစ်မနေထွက်ရတယ်” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform သို့ပြောကြားသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရာ၊ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်စခန်းတွင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အမျိုးသမီး သုံးဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ကျိုက်ထီးရိုးဘုရားဖူးများ မရှိသည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် ကျိုက်ထီးရိုးဘုရားဖူးများ ပြန်လည်စည်ကားစေရန်ဟုဆိုကာ ကာကွယ်ရေးနှင့် ပြည်ထဲရေး၀န်ကြီးဌာနမှလွဲပြီး ကျန်၀န်ကြီးဌာနအားလုံးရှိ ၀န်ထမ်းများကို အလှည့်ကျ ကျိုက်ထီးရိုးဘုရား ဖူးသွားရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ကလည်း ဘုရားအလှူငွေများဖြင့် ထမင်းကျွေးမွေးခြင်းများ၊ စစ်ကောင်စီတပ်သားများကို ထမင်းကျွေးမွေးမှုများ ပြုလုပ်သည့်အတွက် ဝေဖန်မှုများဖြင့် ကြုံတွေ့နေရသည်။

လက်ရှိတွင် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်အပါအ၀င် ရသေ့တောင်အနီးတဝိုက်တွင် စစ်ကောင်စီတပ်များက စခန်းချထားပြီး စစ်ဖိနပ်များ၀တ်ဆင်ကာ ကင်းလှည့်နေခြင်းများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- Google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform