မြဝတီ-ရန်ကုန် ကားလမ်းမှာ ထိုင်းကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်မှုပိုဆိုးလာတာကြောင့်  ပြည်တွင်းမှာ ကုန်ဈေးနှုန်း ပိုမိုကြီးမြင့်လာ

Author CJ Platform
Categories
Published on Jun 27, 2026

မြဝတီ – ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ သယ်ယူမှုကို တင်းကျပ်စွာ ပိတ်ပင်တားဆီးလျက်ရှိကြောင်း ဒေသခံကုန်သည်တွေနဲ့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

 

အဲဒီလို ပိတ်ပင်တားဆီးမှုတွေ ပိုမိုတင်းကျပ်လာတာကြောင့် ပြည်တွင်းမှာ အဓိက ထိုင်းထုတ်ကုန်ပစ္စည်းတွေနဲ့ အခြေခံဆေးဝါးတွေ ပြတ်လပ်ရှားပါးလာကာ၊ ဈေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာနေတယ်လို့ ရန်ကုန်မြို့မှာ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

အဆိုပါ အမျိုးသမီးက “ပုံမှန်ဆိုင်မှာ ရောင်းနေကျဖြစ်ပြီး အလွယ်တကူရတဲ့ အကိုက်အခဲပျောက်ဆေးနဲ့ အဖျားကျဆေးတွေဖြစ်တဲ့ ပါရာစီတမော၊ Biogesic၊ Sara ဆေးတွေ၊ နောက်ပြီးတော့ ဒီကိုဂျင် (Decolgen)၊ တီဖီ (Tiffy) နဲ့ ကလေးချောင်းဆိုးပျောက်ဆေးရည်တွေတောင် အခုနောက်ပိုင်း သိပ်မတင်နိုင်တော့ဘူး။ တင်ရင်လည်း အရင်ကထက် ဈေးက ၃ ဆလောက် တက်သွားပြီ။ တချို့ နာတာရှည်သမားတွေ အသက်ရှူမဝလို့ ရှူရတဲ့ အရေးပေါ်ရှူဆေးဘူးတွေဆိုရင် အခု ဈေးကွက်ထဲ ရှာရခက်သွားပြီ” လို့ ပြောပြပါတယ်။

 

စစ်အုပ်စုဘက်က ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတဲ့ အခြေခံအိမ်သုံးဆေးဝါးတွေ၊ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ကာ ပိုမိုတင်းကျပ်စွာ စစ်ဆေးနေပြီး၊ ဖမ်းဆီးအရေးယူတာတွေနဲ့ ဒဏ်ငွေအဆမတန် ဆောင်ခိုင်းတာတွေကို ပြုလုပ်နေတယ်လို့ နယ်စပ်ကုန်တင်ကားမောင်းသူတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။

 

သူက “ယိုးဒယားပစ္စည်းတွေ သယ်လာတာများရင် ကားသမားတွေကိုပါ ပြဿနာရှာတယ်။ သယ်လာတဲ့အထဲက အချို့ပမာဏများရင် ပစ္စည်းအသိမ်းခံရရုံတင်မကဘဲ လူနဲ့ကားပါ အဖမ်းခံရတဲ့အထိ ရှိတယ်။ ကိုယ်ပိုင်အိမ်သုံးလောက်ပဲဆိုရင်တော့ ဂိတ်ကြေးပေးပြီး သယ်လို့ရပေမဲ့ ဆေးဝါးအမြောက်အမြား သယ်တာမျိုးကိုတော့ လုံးဝခွင့်မပြုဘူး” လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကစတင်ပြီး စစ်အုပ်စုဘက်က မြဝတီ – ရန်ကုန် လမ်းပိုင်းမှာ ထိုင်းကုန်ပစ္စည်းတွေ သယ်ယူမှုကို အရှိန်အဟုန်နဲ့ စတင်ကန့်သတ်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီကန့်သတ်ချက်ဟာ လျှော့ပေါ့ပေးတာမျိုးမရှိဘဲ တဖြည်းဖြည်း ပိုမိုတင်းကျပ်လာခဲ့ရာကနေ၊ လမ်းပိုင်းတိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေ ပိုမိုပိတ်ဆို့သွားတဲ့ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစလို့ လက်ရှိ ၂၀၂၆ ခုနှစ်အထိ သယ်ယူခွင့်ကို လုံးဝပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ စစ်ဆေးရေးဂိတ်တွေ၌ ပစ္စည်းတွေ့ရှိပါက သိမ်းဆည်းတာနဲ့ ဒဏ်ရိုက်တာတွေကို အဆိုးရွားဆုံး ပြုလုပ်နေတာကြောင့်၊ နယ်စပ်ကုန်စည်စီးဆင်းမှုဟာ လုံးဝရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – CJ

 

 

Related News

Depend on news