ဘားအံမှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေကို စစ်အုပ်စုက ဖမ်းဆီးနှိမ်နင်းတာမျိုးမရှိဘဲ လုပ်ကိုင်ခွင့်ရနေ
ကရင်ပြည်၊ ဘားအံမြို့မှာ တရုတ်ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေဟာ ကရင်လက်နက်ကိုင်အဖွဲ့တွေ စီးပွားရေးလုပ်ကိုင်နေတဲ့ ဟိုတယ်တွေ၊ အိမ်ရာဝင်းတွေနဲ့ ခြံဝင်းတွေအတွင်းမှာ တရုတ်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့အတူ ၂၀၂၃ ခုနှစ်ကနေ အခု ၂၀၂၆ ခုနှစ်အထိ ရွှေ့ပြောင်းအခြေချ လုပ်ကိုင်နေကြပေမယ့် စစ်အုပ်စုက ဖမ်းဆီးနှိမ်နင်းတာမျိုး လုံးဝမရှိဘူးလို့ အခြေအနေသိရှိတဲ့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ထိုင်း – မြန်မာနယ်စပ် ရွှေကုက္ကို၊ KK Park၊ AA Park နဲ့ ကျောက်ခက်ကျားဖြန့် စစ်ဆင်ရေးနယ်မြေတွေဘက်ကနေ ရွှေ့ပြောင်းလာကြတဲ့ တရုတ်ကျားဖြန့်ဂိုဏ်းတွေကိ ဘားအံမြို့ရှိ BGF / KNA တပ်ဖွဲ့ပိုင် ဟိုတယ်၊ တည်းခိုခန်းတွေနဲ့ နေအိမ်ခြံဝင်း၊ အိမ်ရာဝင်းတွေမှာ လချုပ်၊ နှစ်ချုပ်စနစ်တွေနဲ့ ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“တရုတ်ကျားဖြန့်တွေက ဇွဲကပင်တောင်ခြေက BGF အရာရှိပိုင်တဲ့ ဇွဲကပင်ဟိုတယ်တို့၊ မြို့လယ်ခေါင်က ကန်သာဦးဟိုတယ်တို့မှာ အဓိက အခြေချနေကြတာ။ တခြားဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း ရှိသေးတယ်။ BGF / KNA အဖွဲ့တွေက လုံခြုံရေးအပြည့် ပေးထားတယ်။ ညဈေးတန်း၊ စားသောက်ဆိုင်တွေနဲ့ ဘား (Bar) တွေမှာလည်း ညဘက်ဆို တရုတ်တွေ စားသောက်သွားလာနေတာ လုံခြုံရေးအမြဲတမ်း ပါတယ်။ စစ်တပ်တို့ ရဲတို့ကတော့ အနားတောင် မလာရဲကြဘူး။ ဖမ်းဆီးတာမျိုး၊ စစ်ဆေးတာမျိုး တစ်ခါမှ မရှိခဲ့ဘူး” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။
အခုလိုမျိုး တရုတ်ကျားဖြန့်လုပ်ကိုင်သူတွေဟာ ဖားအံမြို့ပေါ်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ အစောင့်အရှောက် လုံခြုံရေးတွေနဲ့ သွားလာနေထိုင် လုပ်ကိုင်နေကြတဲ့အပေါ်၊ ဒေသခံတွေအနေနဲ့ လတ်တလောမှာ အရောင်းအဝယ် ကောင်းမွန်နေသော်လည်း ရေရှည်မှာ အိမ်ခြံမြေတွေ အပိုင်ဝယ်ယူပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ အခြေချလုပ်ကိုင်လာမှာကို လုံးဝမလိုလားဘူးလို့ ဘားအံမြို့မိမြို့ဖတစ်ဦးက ဆိုပါတယ်။
“အခုလို ခေတ်ပျက်ချိန်မှာ ဘားအံမှာက လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ဝင်ကြပြီး စီးပွားရေးလုပ်ကြတာ များလာတယ်။ မြို့ခံမဟုတ်တဲ့ လူစိမ်းတွေ ရောက်လာကြတာ များသလို တရုတ်တွေလည်း အများကြီး ဖြစ်လာတယ်။ မြင်နေတွေ့နေရတာ ပြောရရင် လူ ၃၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက် ရှိမယ်။ တချို့က အပြင်မထွက်ဘူး။ နောက်ဆိုရင် ခြံဝယ်အိမ်ဝယ်ပြီး အတည်တကျ နေထိုင်တာမျိုးတွေ ဖြစ်လာတော့မယ်။ ကရင်လက်နက်ကိုင်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ စစ်တပ်နဲ့ပေါင်းပြီး လုပ်ချင်ရာလုပ်ခွင့် ရနေတာပေါ့။ ကြာရင်တော့ တရုတ်ပြဿနာက ဒီထက်မက ပိုဆိုးလာနိုင်တယ်” လို့ သူက ထောက်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စုက တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းအရေးယူမယ့် ဥပဒေအသစ် ပြဋ္ဌာန်းဖို့အတွက် အခု ဇွန်လအတွင်း ကျင်းပနေတဲ့ အတုအယောင်လွှတ်တော်မှာ လုပ်ဆောင်ပြနေပေမဲ့လည်း၊ မြေပြင်လက်တွေ့မှာတော့ ငွေလိမ်လုပ်ငန်းကို အကာအကွယ်ပေးပြီး အကျိုးတူလုပ်ကိုင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို ဘားအံမြို့ပေါ်မှာ ဖမ်းဆီးအရေးယူတာ၊ တရားခံအဖြစ် ထုတ်ပြန်ကြေညာတာမျိုး တစ်စုံတစ်ရာ မရှိသေးပါဘူး။
အခုလိုမျိုး ထိုင်း – မြန်မာနယ်စပ်ကနေ ပြည်တွင်းဘက်ကို ရွှေ့ပြောင်းလာတဲ့ တရုတ်ကျားဖြန့်လုပ်ငန်းတွေဟာ ဘားအံမြို့အပြင်၊ မော်လမြိုင်မြို့၊ သထုံမြို့နဲ့ ကျိုက်ထိုမြို့နယ်ဘက်က ကရင်အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဟိုတယ်၊ တည်းခိုခန်းနဲ့ အိမ်ရာခြံဝင်းတွေမှာပါ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်မှုတွေ ရှိနေတယ်လို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေကို မေးမြန်းစုံစမ်းချက်တွေအရ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
CJ 003
