တီးတိန်မြို့ အထက (၁) ကျောင်းဆောင်သစ် တိုးချဲ့ရန် တင်ဒါလျှောက်ထားတဲ့ လုပ်ငန်းရှင် ၆၀၀ ကျော် ရှိနေ
ချင်းပြည်၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်မှာ တည်ရှိတဲ့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ဖို့အတွက် ကန်ထရိုက် (တင်ဒါ) လျှောက်ထားတဲ့ လုပ်ငန်းရှင်ဦးရေ ၆၀၀ ကျော်အထိ ရှိနေကြောင်း ကန်ထရိုက်လျှောက်ထားသူတွေဆီကနေ သိရပါတယ်။
အထက (၁) ကျောင်းဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူတွေ စာသင်ခန်းမလုံလောက်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။
အခုလို ကျောင်းဆောင်ဆောက်လုပ်ခွင့် တင်ဒါခေါ်ယူရာမှာ ဒေသတွင်းနဲ့ နယ်ပယ်အသီးသီးက ကန်ထရိုက်လျှောက်ထားသူ အရေအတွက် အဆမတန် များပြားလာတာဖြစ်ပြီး၊ လက်ရှိမှာ လျှောက်ထားသူဦးရေ ၆၀၀ ကျော်အထိ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီတစ်ခေါက် ကျောင်းဆောင်သစ် ဆောက်မယ့် ကန်ထရိုက်ပရောဂျက်ကို စိတ်ဝင်စားပြီး လျှောက်ကြတဲ့သူက တော်တော်လေး များပါတယ်။ အခု လျှောက်ထားတဲ့သူ ၆၀၀ ကျော်ရှိနေပြီဆိုတော့ ပြိုင်ဆိုင်မှုကတော့ တော်တော်ပြင်းထန်လိမ့်မယ်။ ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေကတော့ ကျောင်းဆောင်သစ်ကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း ပြည့်ပြည့်ဝဝနဲ့ သေချာဆောက်လုပ်ပေးနိုင်မယ့် ကန်ထရိုက်မျိုးကိုပဲ ပွင့်လင်းမြင်သာစွာ ရွေးချယ်စေချင်ကြတာပါ” လို့ တီးတိန်မြို့က ကန်ထရိုက်လျှောက်ထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဟာ တီးတိန်မြို့ပေါ်က ကျောင်းသားတွေနဲ့ ရပ်နီးရပ်ဝေး ကျေးလက်ဒေသက ကျောင်းနေအရွယ် လူငယ်တွေ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းဖြစ်ပြီး၊ အခုတိုးချဲ့ဆောက်လုပ်မယ့် အဆောင်သစ် ပြီးစီးသွားပါက ကျောင်းသား၊ ကျောင်းသူတွေ ပိုမိုကောင်းမွန်တဲ့ ကျောင်းဆောင်သစ်မှာ ပညာသင်ကြားနိုင်တော့မှာ ဖြစ်တယ်လို့ တီးတိန်ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လျှောက်ထားလာတဲ့ ကန်ထရိုက်စာရင်းတွေကို စိစစ်လျက်ရှိပြီး၊ မည်သည့်လုပ်ငန်းရှင်က လုပ်ကိုင်ခွင့် ရရှိမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ် စစ်အုပ်စုလက်အောက်ခံ အခြေခံပညာဦးစီးဌာနက ကျင်းပပြုလုပ်တဲ့ Placement Test (အရည်အချင်းစစ်စာမေးပွဲ) ကို ချင်းပြည်နယ်မှာ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနအသီးသီးကနေ ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၈,၇၃၀ ဦးအထိ ရှိခဲ့ပြီး၊ သူတို့အနက် ၇,၁၈၉ ဦးက ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တီးတိန်မြို့နယ် စာစစ်ဌာနကနေ ကျောင်းသား၊ ကျောင်းသူ ၉၅၇ ဦးက အတန်းအလိုက် Placement Test ကို ဖြေဆိုသွားခဲ့တယ်လို့ တီးတိန်မြို့ရှိ ပညာရေးအသိုင်းအဝိုင်းထံကနေ သိရပါတယ်။
Placement Test (အရည်အချင်းစစ်စာမေးပွဲ) အတွက် အသက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကလေးတွေကို Grade 1 ကနေ Grade 7 အထိ အသက်အရွယ်အလိုက် ဖြေဆိုခွင့်ပြုခဲ့ပြီး၊ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကလေးတွေကိုတော့ Grade 8 အတန်းကို ဖြေဆိုစေခဲ့ကြောင်း သိရပါတယ်။
တီးတိန်မြို့ဟာ စစ်အုပ်စုက ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ခရိုင်အဆင့်အဖြစ် အသစ်ထပ်မံ ဖွဲ့စည်းခဲ့တဲ့ မြို့ဖြစ်ပြီး၊ လက်ရှိမှာ ခရိုင်အဆင့် ဌာနဆိုင်ရာရုံးတွေ ဆောက်လုပ်ဖို့ စီမံကိန်းတွေ များပြားနေတဲ့ အချိန်ဖြစ်တယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ 004
