ကျုံဒိုးနဲ့ ကော့ကရိတ်မှာ စစ်သားသစ် ၃၀ ဝန်းကျင် ထွက်ပြေးလို့ ကင်းစောင့်ချိန်ကလွဲပြီး လက်နက်ပေးမကိုင်ရဲတဲ့ အခြေအနေဖြစ်နေ
ကရင်ပြည်၊ ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့နယ် ဒေသအတွင်းမှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆင်ရေးစစ်ကြောင်းတွေထဲက စစ်သားသစ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ၊ မေလနဲ့ ယခု ဇွန်လအတွင်း နောက်တန်းတပ်ရင်းတွေနဲ့ ရှေ့တန်းစစ်ကြောင်းတွေကနေ လူ ၃၀ ဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၅ နဲ့ ၅၄၆ တပ်ရင်းနှစ်ခုအပြင်၊ နဘူးဒေသ အခြေစိုက် ခမရ ၅၄၇၊ ၅၄၈၊ ၅၄၉ တပ်ရင်းတွေကနေ တပ်ရင်းစွန့်ခွာထွက်ပြေးသူတွေနဲ့ ကော့ကရိတ်စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ထီဖိုးစံနဲ့ အောက်ဗိုလ်တဲ လမ်းပိုင်းဘက်ကနေ စစ်ကြောင်းစွန့်ခွာ ထွက်ပြေးသူတွေ များပြားလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကင်းစောင့်ချိန်နဲ့ စစ်ကြောင်းထိုးချိန်တွေကလွဲရင် ကျန်တဲ့အချိန်တွေမှာ လက်နက်ကိုင်ဆောင်ခွင့် မပေးတော့ဘဲ စစ်သားသစ်တွေကို စနစ်တကျ ထိန်းချုပ်စောင့်ကြည့်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“သင်္ကြန်တွင်းက ကျုံဒိုးတပ်က ၆ ယောက် ထွက်ပြေးတယ်၊ ပြန်မမိဘူး။ မေလထဲမှာလည်း ရှေ့တန်းရော၊ နောက်တန်းတပ်ရင်းထဲကရော ထွက်ပြေးတာ လက်နက်တွေနဲ့ KNU ဘက်ကို လက်နက်ချ ပူးပေါင်းလိုက်တာမျိုး ၁၀ ယောက်ကျော်လောက်ရှိတယ်။ အခု ၂ လကျော်အတွင်းမှာဆို လူ ၃၀ နီးပါး ပြေးကြတာရှိတယ်။ တချို့လည်း လူလွတ်ထွက်ပြေးသွားတာမျိုးတွေ ရှိတယ်။ အခု ကျုံဒိုးတပ်ထဲမှာရော၊ ထီဖိုးစံ ရှေ့ကင်းမှာရော တာဝန်ကျချိန်ကလွဲရင် လက်နက်ပေးမကိုင်တော့ဘူး” လို့ ကျုံဒိုးစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အခုလို စစ်အုပ်စုတပ်က ထွက်ပြေးကြတဲ့ စစ်သားသစ်တွေဟာ KNLA မဟာမိတ်တပ်တွေဘက်ကို ဘက်ပြောင်းခိုလှုံဖို့ ထွက်ပြေးလာချိန်မှာ မိုင်းနင်းမိတာနဲ့ စစ်အုပ်စုက လိုက်လံပစ်ခတ် ဖမ်းဆီးတာတွေကြောင့် ဒဏ်ရာရရှိသူတွေအပြင် သေဆုံးသွားသူ ၅ ဦးခန့်အထိ ရှိနေတယ်လို့ ကော့ကရိတ် ထီဖိုးစံနဲ့ အောက်ဗိုလ်တဲလမ်းပိုင်းက KNLA စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
“စစ်အုပ်စုက စစ်သားသစ်တွေကို စုဆောင်းပြီး ရှေ့တန်းပို့လာတယ်၊ ဒီရောက်တော့ ထွက်ပြေးကြတာပေါ့။ တချို့လည်း သူတို့လွတ်ရာကို ပြေးကြသလို၊ တချို့က ကျွန်တော်တို့ဘက်ကို ချိတ်ဆက်ပြီး လာကြတယ်။ အဲဒီလို ပြေးတာကို လိုက်ပစ် လိုက်ဖမ်းတော့ ထိခိုက်ကုန်တာတို့၊ မိုင်းထိတာတို့ ၃ ယောက်လောက်ရှိတယ်။ ၂ ယောက်လောက် သေသွားတယ်။ စစ်အုပ်စုက ပြန်မိသွားတာလည်း ရှိတယ်။ နောက်လူတွေ မပြေးရဲအောင် ပစ်သတ်ပြတာမျိုးတွေပါ သူတို့လုပ်တယ်လို့ စစ်သားသစ်တွေက ပြောပြတယ်” လို့ KNLA မဟာမိတ်စစ်ကြောင်း တာဝန်ရှိသူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုတပ်က ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့နယ်တွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပေမဲ့လည်း ဒေသကျေးရွာတွေဘက်ကိုတော့ စစ်ဆင်ရေးဖော်ဆောင် တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။ စစ်စခန်းကုန်းတွေနဲ့ လမ်းပိုင်းတွေ ပြန်လည်ရရှိရေး စစ်ကြောင်းထိုး တိုက်ခိုက်နေပေမဲ့ နေ့စဉ်အကျအဆုံးနဲ့ ထိခိုက်မှုတွေ ရှိနေတာကြောင့် လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ကင်းထောက်ပြီး လေယာဉ်ဗုံးကြဲတာ၊ ဒရုန်းဗုံးချ တိုက်ခိုက်တာမျိုးတွေနဲ့ စစ်ရေးပုံစံပြောင်းလဲ တိုက်ခိုက်နေတယ်လို့ KNLA မဟာမိတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ – CJ
CJ 003
