စစ်အုပ်စုက ရိက္ခာမထောက်ပံ့လို့ ရှေ့တန်းမှာ စစ်သားတချို့ အာဟာရပြတ်ပြီး သေဆုံးမှုရှိလာ
စစ်အုပ်စုက ရှေ့တန်းကို ရောက်ရှိနေတဲ့ စစ်သားတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်း မရှိတာကြောင့် အာဟာရပြတ်တောက်ပြီး သေဆုံးသူတွေ များပြားလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အခြေစိုက် အမှတ် ၁၄၆ ခြေလျင်တပ်ရင်း (ခလရ ၁၄၆) ကနေ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် စစ်ဆင်ရေးနယ်မြေကို စေလွှတ်ခြင်းခံရတဲ့ ဒုတပ်ကြပ် စိုးကျော်ထက်ဟာ ရှေ့တန်းစစ်မြေပြင်မှာ အာဟာရပြတ်တောက်ပြီး ဇွန်လ ၂၂ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။
“သန်လျင်က ခလရ ၁၄၆ ကို ဧရာဝတီဘက်ကို ပို့ထားတာကြာပြီ။ အစက ငပုတောဘက်က စစ်စခန်းတွေမှာ ထားတာ။ အဲဒီကနေ လေးမျက်နှာဘက်ကို ပြောင်းရွှေ့တော့ တပ်ရင်းက ရိက္ခာမပို့တော့ဘူး။ မနေ့က ဒုတပ်ကြပ်တစ်ယောက် အာဟာရပြတ်ပြီး သေသွားတယ်” လို့ သူက ပြောပါတယ်။
အလားတူ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ ရှေ့တန်းစစ်မြေပြင်မှာလည်း ရေဖြူမြို့အခြေစိုက် အမှတ် ၄၀၆ ခြေမြန်တပ်ရင်း (ခမရ ၄၀၆) က ကျည်ထိမှန် ဒဏ်ရာရရှိထားတဲ့ တပ်သား လွင်မင်းအောင်ဟာ စားစရာ ရိက္ခာမရှိတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က အာဟာရပြတ်တောက်ပြီး သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့ အသိမိတ်ဆွေတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
“ရှေ့တန်းကို ခဏဆိုပြီး ပို့လိုက်ရင် ၃ နှစ်၊ ၄ နှစ်အထိ ကြာသွားတတ်တယ်။ အချိန်ကြာလာလေ ရိက္ခာမပို့တော့လေပဲ။ ရိက္ခာအတွက်ရတဲ့ ရန်ပုံငွေတွေကို တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေက ထုတ်ယူသုံးစွဲကြတာ။ ဒီလို ဖြတ်တောက်ထုတ်သုံးနေတော့ ရှေ့တန်းရောက်နေတဲ့သူတွေက စားရတဲ့တစ်ရက်၊ မစားရတဲ့တစ်ရက်နဲ့ ကြာလာတော့ အာဟာရပြတ်ပြီး သေဆုံးကုန်ကြတာ” လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၆ ရက်နေ့ကလည်း ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်တဲ့ နွားလဘို့စခန်းမှာ မြိတ်မြို့အခြေစိုက် အမှတ် ၄၈ ခြေလျင်တပ်ရင်း (ခလရ ၄၈) က တပ်ကြပ်ကြီး ဇော်ဝင်း အာဟာရပြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ လူမှုကွန်ရက် တစ်တော့ (TikTok) စာမျက်နှာမှာ တပ်မိသားစုဝင်တွေက ရေးသားဖော်ပြထားကြပါတယ်။
စစ်အုပ်စုအနေနဲ့ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ အရာရှိ၊ စစ်သည်တွေကို ရိက္ခာမထောက်ပံ့တာဟာ အခုမှမဟုတ်ဘဲ အရင်ကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး၊ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာလည်း စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် အာဟာရပြတ်ပြီး သေဆုံးခဲ့ရသူတွေ အများကြီးရှိခဲ့တယ်လို့ တပ်မိသားစုဝင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
